အထက်မင်းလှ မတ် ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြေအောက်ရေကို ရေမှုန်ရေမွှားရေဖျန်းစနစ်ဖြင့် နွေနှမ်းစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၈) နာရီက ကုန်းကြီးကျေးရွာ ကွင်းအမှတ် (၉၆၃)၊ တောင်သူဦးဝင်းဘို၏ (၃.၀၀) ဧကစိုက်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့မြေအောက်ရေကို ရေမှုန်ရေမွှားရေဖျန်းစနစ်ဖြင့် နွေနှမ်းစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအာင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ သရက်ခရိုင်ဦးစီးမှူး ဦးမြင့်စိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးစိုးသိန်းတို့က မြေအောက်ရေကိုရေမှုန်ရေမွှား ရေဖျန်းစနစ်ဖြင့် နွေနှမ်းစိုက်ပျိုးခြင်းနှင့် ပတ်သက်သည့်အခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ရာတောင်သူများမှမြေအောက်ရေကို ရေမှုန်ရေမွှားရေဖျန်းစနစ်ဖြင့် နွေနှမ်းစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါမြေအောက်ရေကို ရေမှုန်ရေမွှားရေဖျန်းစက်စနစ်ဖြင့် နွေနှမ်းစိုက်ပျိုးရာတွင် နွေနှမ်းမျိုးမှာ ဆင်းရတနာ-၁၄ဖြစ်ပြီး စတင်စိုက်ပျိုးသည့်နေ့မှ ရက်ပေါင်း (၈၅) ရက်အကြာတွင် ရိတ်သိမ်းနိုင်ကြောင်းနှင့် နွေနှမ်းစိုက်ပျိုးခြင်းဖြင့် ဒေသတွင်း၌ စားသုံးဆီဖူလုံစွာ ရရှိမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ တောင်သူများ သီးနှံစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများ စိုက်ပျိုးမည့် သီးနှံအလိုက်သီးနှံမျိုးရရှိရေး၊ မြေပြုပြင်ခြင်း၊ စိုက်ပျိုးရေရရှိရေးနှင့် စိုက်ပျိုးနည်းစနစ်များအား ပညာပေးဆောင်ရွက်လျက်ရှိရာ တောင်သူများမှလည်း ပန်းတိုင်အထွက်နှုန်းရရှိရေး အားထည့်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)