ဆိပ်ဖြူမြို့နယ်တွင် ငရုတ်စိုက်ပျိုးတောင်သူများ မိသားစုဝင်ငွေရရှိ

ဆိပ်ဖြူ မတ် ၅

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ငရုတ်စိုက်ပျိုးတောင်သူများ ငရုတ်စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်ဖြစ်ထွန်း၍ မိသားစုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်ရှိ ငရုတ်စိုက်ပျိုးတောင်သူများသည် ဒေသနှင့်ကိုက်ညီသည့် ငရုတ်သီးအရှည်မျိုးနှင့် ပန်းငရုတ်ပွမျိုးများ စိုက်ပျိုးကြသည်။ ဆောင်းသီးနှံငရုတ်စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် နိုဝင်ဘာလဆန်းပိုင်းတွင် စတင်ပျိုးထောင်ကြပြီး အောက်တိုဘာအတွင်း စိုက်ပျိုးမြေပြင်စိုက်ပျိုးခဲ့ကြသည်။ အဆိုပါစိုက်ပျိုးခဲ့သည့် ငရုတ်ပင်များမှ ငရုတ်သီးအမှဲ့များကို ဇန်နဝါရီလအတွင်း စတင်ခူးဆွတ်ရကြောင်း၊ ငရုတ်သီးအမှဲ့ကိုခူးဆွတ်ရာ၌ တစ်ပတ်လျှင် တစ်ကြိမ်၊ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုအပေါ်မူတည်၍ စိုက်ခင်းကုန်ချိန် (၂၅၀) ပိဿာမှ (၃၀၀) ပိဿာ အထိငရုတ်သီးအစိုရရှိပြီး ငရုတ်သီးအဝယ်ဒိုင်းသို့ ရောင်းချကြောင်း ၊ ကနဦးစတင်ဆွတ်ခူကာစက ငရုတ်သီးအရှည်တောင့် အစိုတစ်ပိဿာလျှင် (၃၀၀၀) ကျပ်အထိရရှိပြီး တစ်ပတ်ဝင်ငွေ (၆)သိန်းကျပ်မှ (၇)သိန်းခွဲကျပ်ထိရရှိကြောင်း၊ ငရုတ်အပေါ်ထွက်မှုများလာခြင်းကြာင့် ငရုတ်သီးဈေးကျဆင်းလာကာ လက်ရှိဈေးနှုန်းမှာ တစ်ပိဿာ (၁၈၀၀) ကျပ်ရရှိသော်လည်း ငရုတ်စိုက်တောင်သူများအတွက် အဆင်ပြေကြောင်း၊ ငရုတ်စိုက်ပျိုးရာ၌ ဆစ်ပိုးအန္တရာယ်နှင့် စိုက်ပျိုးရေကို အဓိကထား၍ ဂရုပြုစိုက်ပျိုးရကြောင်း၊ မြေပြင်စိုက်ပျိုးသွင်းအားစုမြေသြဇာနှင့် စိုက်ပျိုးရေးဆေးအစရှိသောတစ်ဧက ကုန်ကျစရိတ် (၇) သိန်းကျပ်ခန့်ရှိခဲ့ပြီး ပထမအသုတ်နှင့် ဒုတိယအသုတ် ငရုတ်ခူးဆွတ်မှုတို့မှ စိုက်ပျိုးစရိတ်များ ပြန်လည်ရရှိခဲ့သလို့ ၎င်းနောက်ပိုင်းခူးဆွတ်ရသော ငရုတ်သီးများက တောင်သူများ၏ မိသားစုဝင်ငွေဖြစ်ကြောင်း ငရုတ်စိုက်ပျိုးထုတ်လုပ်သူများထံမှ ပြောကြားသိရှိရသည်။      

ကိုဇွဲ(အညာမြေ)