ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း (၄)ခု အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး

ပွင့်ဖြူ မတ်  ၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများ စိုက်ပျိုးရာတွင် သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားရေးအတွက် ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်း (၄)ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း(၄)ခု အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တင်ဒါအောင်မြင်သည့် မကွေးမြို့၊ Shwe Group ကုမ္ပဏီနှင့် တော်ဝင်းထွန်းကုမ္ပဏီတို့က တာဝန်ယူ၍ လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့်ထု ၆ လက်မ မြေနီကျောက်စရစ်ခင်းခြင်းနှင့် ကျောက်ရောမြေခင်းခြင်း အမျိုးအစား ကျေးလက်ကုန်ထုတ်လမ်းများဖြစ်ကာ ၂၀၂၃ ခုနှစ် ဇွန်လ ဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလကုန်တွင် ရာနှုန်းပြည့် ဖောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။

"ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူတွေ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် အဆင်ပြေစွာ သွားလာစိုက်ပျိုးနိုင်ဖို့နဲ့ သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေဖို့ ရည်ရွယ်ပြီး ကျေးလက်ကုန်ထုတ်လမ်း (၄)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ ကျေးလက်ကုန်ထုတ်လမ်း (၄)ခုကိုတော့ ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာ၊ ထူးကျေးရွာ၊ ကျောင်းကုန်းကျေးရွာနှင့် ရွာခိုင်ကျေးရွာတို့မှာ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ကျေးလက်ကုန်ထုတ်လမ်း အမျိုးအစားကတော့ ကျောက်ရောမြေ/မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဖြစ်ပါတယ်။ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ရာ၌ ရေရှည်အသုံးပြုသွားလာနိုင်အောင် Pipe Culvert နှင့် Slab Culvert အမျိုးအစား တံတား (၄)စင်းနဲ့ ရေပြွန်(၆)စင်းကိုလည်း ထည့်သွင်းတည်ဆောက်ခဲ့ပါတယ်။ ကျေးလက်ကုန်ထုတ်လမ်း (၄)ခုအတွက် စုစုပေါင်း ရန်ပုံငွေကျပ် ၂၁၃ ဒသမ ၂၆၃၀ သန်းဖြင့် ဆောင်ရွက်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇွန်လ ဒုတိယပတ်လောက်က စတင်ဖောက်လုပ်ခဲ့ရာ ဒီဇင်ဘာလကုန်မှာ ရာနှုန်းပြည့်ပြီးစီးခဲ့ပါတယ်။ ကျေးလက်ကုန်ထုတ်လမ်း (၄)ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် ကျေးရွာ (၄)ရွာရှိ အိမ်ထောင်စု ၃၃၈၁ စု၊ လူဦးရေ ၁၄၉၆၉ ၏ လယ်ယာမြေဧက ၂၃၅၀ အတွက် ရာသီမရွေး သီးနှံစိုက်ပျိုး လုပ်ကိုင်နိုင်မည့်အပြင် လယ်ယာမြေများမှ ထွက်ရှိလာမယ့် ဒေသထွက်ကုန် သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချသွားနိုင်မှာဖြစ်လို့ ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောကြား၍ သိရှိရသည်။

ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံဝောင်သူများ လယ်ယာသီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန် ရည်ရွယ်၍  နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းများကို ဦးစားပေးအလိုက် အကောင်‌အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး  ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်လည်း ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း (၄)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသည့်အပြင် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစေရေးအတွက်ကိုလည်း  ကျေးလက်ရေပေးဝေရေးလုပ်ငန်း (၂)ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)