စစ်တွေ မတ် ၅
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့တော် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုနှင့် ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေလေဆိပ်အထွက်လမ်းဘေးဝဲယာရှိလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ရှင်းလင်းဆောင်၌ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး ဦးကျော်မိုးက ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် မြေယာရှုခင်းများ ဆောင်ရွက်ပြီးစီးနေမှု၊ ပန်းအလှပင်များ စိုက်ပျိုးနေမှုတို့ကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များကို မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေဆိပ်အထွက် လမ်းဘေးဝဲယာရှိ မြေယာရှုခင်းများ ဆောင်ရွက်နေမှုနှင့် လျှပ်စစ်မီးတိုင်များစိုက်ထူထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြကာ လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဝေးပြေးကားကွင်းသို့သွားရောက်ပြီး ကားကွင်း ခြံစည်းရုံးကာရံ ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူထားရှိမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးကြရာ အများပြည်သူသုံးလေဆိပ်၊ သင်္ဘော ဆိပ်၊ ကားဂိတ်များစနစ်တကျ ရှိစေရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာ လမ်းဆုံတွင် မြေယာရှုခင်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်နေမှုများ၊ မေယု Complex ရှေ့တွင် လမ်းလယ်သံဇကာ၊ လမ်းလယ်ကျွန်း၊ လျှပ်စစ်မီးတိုင်များ စိုက်ထူထားရှိမှုနှင့် ပလက်ဖောင်း ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)