ပေါင် မတ် ၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အခြေခံရှေးဦးပြုခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ( ၅ ) နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ပြုလုပ်ခဲ့သည်။ရှေးဦးစွာ ပြည်နယ်ကြက်ခြေနီ သူနာပြုပြည်နယ်တပ်ဖွဲ့မှူး ဦးကျော်မြင့်က ရှေးဦးပြုစုခြင်း ဘာသာရပ်ဆိုတာ ယခင်က တစ်အိမ်လျှင် တစ်ယောက်တတ်မြောက်ထားရမည် ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် လူတိုင်း တတ်မြောက်ရမည်ဖြစ်သည့်အတွက် လူတိုင်း တတ်မြောက်အောင် သင်ကြားကြဖို့ လိုအပ်ပါကြောင်း အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပေါင်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးအောင်မင်းနိုင် ကရှေးဦးပြုစုခြင်း တက်မြောက်ထားသည့်အတွက် မတော်တစ်ဆဖြစ်ပွားသည့် ဒဏ်ရာများခြင်း၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့လာ၍ အရေးပေါ်အခြေအနေများတွင် ရှေးဦးပြုစုခြင်းပညာဖြင့် အသုံးချနိုင်မည့် လူတိုင်း သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းသို့ အချိန်မီရောက်ရှိအောင် ဆောင်ရွက်နိုင်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအား ဆုများနှင့်သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။ တစ်ဆက်တည်းမှာပင် သင်တန်းဖြစ်မြောက်ရေးအတွက် လှူဒါန်းပေးသော အလှူရှင်များကို ဂုဏ်ပြုလက်မှတ်ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းကို သင်တန်းဆရာ(၅)ဦးက သင်တန်းသား (၂၅)ဦးကို (၃) ရက်ကြာစာတွေ့ လက်တွေ့ဖြင့် သင်ကြားပြသခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)