သဲကုန်း​မြို့နယ်၌ အသက်(၁)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

သဲကုန်း မတ် ၅

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ကလေးသူငယ်များအား ရောဂါဘယ ကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရေးအတွက် သဲကုန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြို့နယ်၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သဲကုန်းမြို့ပေါ် ရပ်ကွက်များ၊ မြို့နယ်အတွင်းရှိ ကိုယ်ဝန်​ဆောင်မိခင်များအား ကျန်းမာရေး အသိပညာ၊ ဗဟုသုတ ရရှိစေရန်နှင့်  ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီ အချိန်က သဲကုန်းမြို့နယ် မိခင်နှင့် က​လေးကျန်းမာ​ရေး ဌာနတွင် အသက်(၁)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်​ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊​​ ဆေးတိုက်​ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ် မိခင်နှင့်က​လေးကျန်းမာရေးဌာနအနေဖြင့် အသက်(၁)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးရာတွင် ကလေးငယ်များအား အသည်းရောင် အသားဝါ(ဘီ)ရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများ ထိုးပေးခြင်း၊ ဂျပန်ဦးနှောက်ရောင်၊ ဂျိုက်သိုး အစရှိသည့် ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခြင်း၊ ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များကိုလည်း လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ​မြို့နယ်မိခင်နှင့်က​လေးကျန်းမာရေးဌာနမှ သိရသည်။

ကိုကျော် (ပြန်/ဆက်)