ထားဝယ် မတ် ၅
၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယခုနှစ်မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပဆောင်ရွက်နိုင်ရေးအတွက် ပြုလုပ်သည့်အစည်းအဝေးဖြစ်ကြောင်း၊ လုံခြုံရေးလစ်ဟင်းမှုမရှိစေရေး၊ ပျော်ပွဲရွင်ပွဲများနှင့်ဖျော်ဖြေရေးများတွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ မဏ္ဍပ်ဆောက်လုပ်ရေးစသည့်နေရာများတွင် လိုအပ်သည့်များကို ကြိုတင်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ခေါ်ယူရခြင်းဖြစ်ကြောင်း၊ တစ်နှစ်တာလုံးပင်ပန်းခဲ့သမျှကို မဟာသင်္ကြန်ပွဲတော်ကာလအတွင်း အများပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ပျော်ရွှင်ချမ်းမြေ့စိတ်လက်ပေါ့ပါးစွာဖြင့်ဖြတ်ကျော်ရန်၊ ပျော်ရွင်မှုများဖြင့်ဖြတ်ကျော်ရန်၊ ဘာသာသာသနာရေးများဖြင့် ဖြတ်ကျော်ရန်လိုအပ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့်ဖျော်ဖြေရေးနှင့် သင်္ကြန်မဏ္ဍပ်များတွင် စည်ကားသိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင်ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဝင်များက မဏ္ဍပ်ဆောက်လုပ်ရေးနှင့်အခမ်းအနားပြင်ဆင်ရေး၊ ဗဟိုသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ/ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပရေး၊ ဖျော်ဖြေရေး၊ ဧည့်ခံကျွေးမွေးရေး၊ သယ်ယူပို့ဆောင်ရေး၊ ကြိုဆိုနေရာချထားရေး၊ ရေကစားရေး၊ သင်္ကြန်ယိမ်းအကစိစစ်အကဲဖြတ်ရေးနှင့်ဆုချီးမြှင့်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပရေး၊ ဘိုးဘွားသက်ကြီးပူဇော်ပွဲကျင်းပရေး၊ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပွဲကျင်းပရေး လုပ်ငန်းများအလိုက်ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)