ကျိုက်မရော မတ် ၄
ကျိုက်မရောမြို့နယ်အတွင်းရှိ ဘိန်းဗျောကျေးရွာ၌ ဂန္တမာပန်းများလှိုင်လှိုင်ထွက်၍ ပန်းစိုက်သူတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဂန္တမာပန်းကိုမိသားစုဝင်ငွေရရှိရေး တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများလာပြီး စျေးကောင်းလည်း ရရှိသဖြင့် ဆောင်းရာသီမကုန်ခင် ပြာသိုလဆန်းပိုင်း၌တူးမြောင်းရေသွင်းကာ စနစ်တကျ စိုက်ပျိုးကြပြီး ရက်ပေါင်းကိုးဆယ်အကြာတွင် ဂန္တမာပန်းများလှိုင်လှိုင်ထွက်ရှိကာ စျေးကောင်းရ ကြောင်း ဂန္တမာပန်းအများဆုံးစိုက်ပျိုးသူ ဒေါ်မိရင်ချမ်းထံမှ သိရသည်။
ဂန္တမာပန်းစိုက်ပျိုးရာ၌ ပန်းမျိုးစေ့ကို မော်လမြိုင် မြို့ရှိသစ်စေ့ဆိုင်များတွင်ဝယ်ယူကာ အစေ့မှအပင်ပေါက်လေးများပျိုးကာ စိုက်ပျိုးကြကြောင်း အိမ်ခြံမြေကွက်များ၌လည်း အိုးမကွာအိမ်မကွာ စိုက်ပျိုးလာကြပြီး ဂန္တမာပန်းစျေးကောင်းသဖြင့် ဝင်ငွေတိုးကာလယ်မြေများပေါ်တွင်လည်း တူးမြောင်းရေသွင်း၍ စမ်းသပ်စိုက်ပျိုးလာကြ ရာအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပန်းစိုက်ခင်းများတွင် အဓိကအရေးကြီးတာက ရေများများလောင်းပေးရမှာဖြစ်ပြီး အပွင့်ကြီးပြီး ရှင်သန်ဖို့အတွက်က အပင်သန်ဆေးရွက်ဖြန်းမြေသြဇာစသည် တို့ကိုပုံမှန်သုံးပေးရကြောင်း အခုလိုပူပြင်းသောနွေရာသီ၌ ပန်းများခဏအတွင်း ငြိုးနွမ်းသဖြင့် ရေကိုတစ်နေ့နှစ်ကြိမ် သွင်းပေးရကြောင်းလည်း သိရသည်။
ယခုကာလတွင် ပန်းစျေးကွက်အတွင်း၌ ဂန္တမာပန်း ၅ ပွင့်ကို နှစ်ထောင်ကျပ်ထိ ရောင်းချ၍ရသဖြင့်ပန်းစိုက်ပျိုးသူများ အပိုဝင်ငွေတိုးပွားကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ချိုမြတ်မြတ် ထွေး(ပြန်/ဆက်)