ဒေးဒရဲ မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စာစီစာကုံး ရေးသားနည်းသင်တန်းကို ယနေ့ နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အခြေခံ ပညာ အထက်တန်းပြဆရာ ဦးအေးမင်းသူက ကျောင်းသား၊ ကျောင်းသူများ စာစီစာကုံးရေးသားရာတွင် ပါဝင်ရမည့် အခြေခံအချက်အလက်များ သင်ကြားပေးလျက်ရှိရာ မြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ယူလျက်ရှိကြောင်း သိရပြီး စာစီစာကုံးရေးသားနည်းသင်တန်းကို ၂၀၂၄ ခုနှစ် မတ်လ (၄)ရက်နေ့မှ (၁၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရေး အခမဲ့သင်တန်းများဖြစ်သည့် အခြေခံပန်းချီသင်တန်း၊ ကဗျာရေးသားနည်း၊ စာစီစာကုံးရေးသားနည်း နှင့် အားကစားသင်တန်းများကို အခမဲ့ဖွင့်လှစ်ပေးလျက်ရှိပြီး တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာရင်းပေးသွင်း၍ တက်ရောက်နိုင်ကြောင်း သိရသည်။
အေဇာလင်း