လပွတ္တာမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

လပွတ္တာ မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ ပြည်သူများ လက်ရှိဖြစ်ပေါ်နေ သော အခြေအနေအမှန်များ၊ လုံ​ခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ပြည်သူများ သိရှိစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ပိုးလောင်းကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက် ၉ နာရီတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် စစ်ကြောင်းကြီး ငါးကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများကလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုအခြေအနေများ၊ ဌာနဆိုင်ရာများက ကဏ္ဍ အလိုက် ပြည်သူ့ဝန်ဆောင်မှုဆောင်ရွက်နေမှုများ၊ မူးယစ်ဆေးဝါးကင်းစင်ရေး၊ မှုခင်းကျဆင်း ရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်‌သော အဖွဲ့သည် ကျေးရွာမှ ကိုယ်ထူကိုယ်ထ ပိုးလောင်းဆိပ်ခံတံတား တည်ဆောက် ထားမှုကို သွားရောက်အားပေးကြည့်ရှုခဲ့သည်။ ထို့နောက် ပိုးလောင်းတိုက်နယ်ဆေးရုံသို့ သွားရောက်ပြီး ဆေးကုသနေသော လူနာများအား အားပေးစကားပြောကြားကာ တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများအား ရင်းနှီးစွာတွေ့ဆုံ နှုတ်ဆက်ခဲ့သည်။

ဆက်လက်ပြီး ပိုးလောင်းရဲကင်းစခန်းသို့ သွားရောက်ပြီး တပ်ဖွဲ့ဝင်များအား အားပေးစကား ပြောကြားခဲ့ကာ မေးခွန်းသိုလှောင်ခန်း Vault အား ကောင်းမွန်မှု ရှိ၊ မရှိ စစ်ဆေးခဲ့သည်။ ထို့နောက် ဆိုင်ကလုန်းရှယ်တာအား သန့်ရှင်းရေးစနစ်တကျ ဆောင်ရွက်ထားရန်၊ ရေလှောင်ကန်ရေသိုလှောင်ထားရှိမှု အခြေအနေ၊ အဆောက်အအုံအား ပျက်ဆီးမှုမရှိစေရေး ထိန်းသိမ်းစောင့်ရှောက်ရန် ‌မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်