ရွှေဘိုမြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲ ကျင်းပ

ရွှေဘို မတ် ၄

ရွှေဘိုခရိုင် အသေးစား စက်မှု/လက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူးရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးအေးမြင့်က မိမိတို့ ဝန်ထမ်းမိသားစုများအနေဖြင့် သင်တန်းမှ ရရှိသည့် အသိပညာ၊ အတတ်ပညာကို လက်တွေ့နယ်ပယ်၌ ပြန်လည်အသုံးချပြီး အသေးစား စီးပွားရေး လုပ်ငန်းရှင်များအဖြစ် ကိုယ်ပိုင်လုပ်ငန်းများ  ထူထောင်နိုင်ရေး ကြိုးစားကြစေလိုကြောင်း အမှာစကား ပြောကြားပြီး ရွှေဘိုခရိုင် အသေးစား စက်မှု/လက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးမျိုးထက်မောင်က အသေးစား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ တစ်ဦးချင်းဝင်ငွေ တိုးတက်လာစေရန်၊ ပြည်ပသွင်းကုန် အစားထိုး ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ရည်ရွယ်ကာ ယခုသင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး၊ လက်သန့်ဆေး‌ရည် အမျိုးမျိုးထုတ်လုပ်နည်းများကို မတ်လ(၄)ရက်နေ့မှ စတင်ကာ စာတွေ့/လက်တွေ့ (၅)ရက်ကြာ အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသားစုစုပေါင်း (၂၀)ဦး တက်ရောက်ကြကြောင်း သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်လိုသူများကို ရွှေဘို

ခရိုင်အသေးစား စက်မှု/လက်မှုလုပ်ငန်းဦးစီးဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)