ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး ရွှေထီးတော်သတ္တမဘုံအဆင့်တင်လှူခြင်း၊ ဌာပနာများထည့်သွင်းပူဇော်ခြင်းနှင့် အရန်စေတီတော်များ ထီးတော်တင်လှူပူဇော်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူး မတ် ၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်း ရှေးဟောင်းသမိုင်းဝင်ကျိုက်ပညာယျစေတီတော်မြတ်ကြီး ရွှေထီးတော်သတ္တမဘုံအဆင့်တင်လှူခြင်း၊ ဌာပနာများထည့်သွင်းပူဇော်ခြင်းနှင့် အရန်စေတီတော်များ ထီးတော်တင်လှူပူဇော်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ  ဓမ္မသာလာကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး၏ ရွှေထီးတော်သတ္တမဘုံအဆင့် တင်လှူခြင်း၊ ဌာပနာများ ထည့်သွင်းပူဇော်ခြင်းနှင့် အရန်စေတီတော်များ ထီးတော်တင်လှူပူဇော်ခြင်းအခမ်းအနား စည်ကားသိုက်မြိုက်အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကော်မတီအလိုက် လုပ်ငန်းတာဝန်များအား ခွဲဝေပေးထားပြီးဖြစ်သလို လုပ်ငန်းကဏ္ဍအလိုက် ဌာနဆိုင်ရာများက အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားပြင်ဆင်ရေးကော်မတီ၊ ဧည့်ခံကျွေးမွေးရေးကော်မတီ၊ ဖိတ်ကြားရေးနှင့်ကြိုဆိုပင့်ဆောင်နေရာချထားရေးကော်မတီ၊ ပြန်ကြားရေးနှင့်မှတ်တမ်းတင်ရေးကော်မတီ၊ ကျန်းမာရေးကော်မတီ၊ လုံခြုံရေးကော်မတီတို့၏ ဥက္ကဋ္ဌများဖြစ်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက ကော်မတီအလိုက် လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ လစ်ဟင်းမှုမရှိစေရေးပေါင်းစပ်ညှိနှိုင်း တင်ပြခဲ့သည်။

ယင်းနောက် တင်ပြချက်များနှင့်ပတ်သက်၍ အခမ်းအနားကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ရာ ကော်မတီအလိုက် တင်ပြချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပြီး ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွန်းမံပြင်ဆင်နေမှုများနှင့် တည်ဆောက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)