စစ်ကိုင်း မတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် နွေရာသီကျောင်းပိတ်ရက်အတွင်း အခြေခံပန်းချီနှင့် အင်္ဂလိပ်(Grammar) သင်တန်း (၁/၂၀၂၄)ဖွင့်ပွဲကို မတ်လ(၄)ရက်၊ နံနက်(၁၀)နာရီက စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နေမျိုးပိုင်က ဗလငါးတန်းနှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်၊ နွေရာသီကျောင်းပိတ် ရက်အတွင်း ကလေးငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်၊ ပန်းချီပညာကို အခြေခံမှစ၍ သိရှိနားလည်ပြီး အောင်မြင်တဲ့ ပန်းချီဆရာဖြစ်အောင် ကြိုးစားနိုင်စေရန်၊ ကလေးငယ်များ အချင်းချင်း စည်းလုံးညီညွတ်ပြီး ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း၊ ပန်းချီပညာရပ်နှင့်အတူ အခြေခံအင်္ဂလိပ် ( Grammar)ကိုလည်း ထည့်သွင်းသင်ကြား ပေးသွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားကာ ပန်းချီပညာရှင် ဦးထွဏ်းဦးက သင်တန်းပို့ချပေးသွားမည့် ဘာသာရပ်များနှင့် သင်တန်း စည်းမျဉ်း/ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းများကို ရက်သတ္တပတ်(၂)ပတ်ကြာ နေ့စဉ်(၁၀)နာရီ မှ (၁၂)နာရီအထိ သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းသို့ ကျောင်းသား/ ကျောင်းသူ ကလေးငယ် (၃၅)ဦး တက်ရောက်ခဲ့ကြပြီး ယမန်နှစ် နွေရာသီ ကျောင်းပိတ်ရက်မှာလည်း အခြေခံပန်ချီနှင့် အင်္ဂလိပ် ( Grammar) သင်တန်း ဖွင့်လှစ်ပေးခဲ့ရာ သင်တန်းနှစ်ခုပေါင်းသို့ ကျောင်းသား/ ကျောင်းသူ (၈၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်း(ပြန်/ဆက်)