မကွေး ဖေဖော်ဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများ နွေရာသီကာလ သောက်သုံးရေ ရှားပါး ပြတ်လပ်မှုများ ဖြစ်ပေါ်ပါက မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖော်ပြပါဖုန်းနံပါတ်များသို့ ဖြစ်စေ ဆက်သွယ်အကြောင်းကြား၍ အကူအညီ တောင်းခံနိုင်ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
မကွေးမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၁၆)ရွာနှင့် တဲတိုက် (၁၇)ခုရှိရာ အဆိုပါ ကျေးရွာများရှိ ကျေးလက်နေပြည်သူများအနေဖြင့် မိမိတို့ကျေးရွာများအတွင်းရှိ ရေအရင်းအမြစ်များ နွေရာသီကာလ တွင် ရေပြတ်လပ်မှု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းမိပါက ကြိုတင်အကြောင်းကြားနိုင်ကြောင်း၊ ယခုကာလမှာ နွေရာသီကာလသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ မည်သည့်ကျေးရွာ မဆို သောက်သုံးရေ ရှားပါးပြတ်လပ်မှု ဖြစ်ပေါ်ပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဖော်ပြပါဖုန်းနံပါတ်များကို အချိန်မရွေးဆက်သွယ် အကြောင်းကြားနိုင် ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးကပြောပြ၍ သိရသည်။
“ကျွန်မတို့ ဦးစီးဌာနအနေနဲ့တော့ လက်ရှိအချိန်မှာ ကျေးရွာတွေရဲ့ ရေအရင်းအမြစ်စစ်တမ်းတွေ၊ သောက်သုံးရေ သုံးစွဲမှုအခြေအနေတွေကို ကွင်းဆင်းကောက်ယူနေပါတယ်၊ ယခုနစ်နွေရာသီမှာတော့ ရေငံ၊ ကြူချောင်းရွာသစ်၊ ယောင်းမထား တဲတိုက် စတဲ့ကျေးရွာသုံးရွာတွင် သောက်သုံးရေ ရှားပါးနိုင်တယ်လို့ ခန့်မှန်းထားပြီး အဆိုပါကျေးရွာတွေကို လတ်တလောနှင့် ရေရှည်ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်တွေလည်း ဆောင်ရွက်ထားပြီးဖြစ်တယ်လို့” မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက ဆက်လက် ပြောပြသည်။
မကွေးမြို့နယ်အတွင်း ယခုဘဏ္ဍာရေးနှစ်တွင်လည်း နွေရာသီကာလ သောက်သုံးရေဖူလုံစွာရရှိစေရေး အတွက် ကျေးရွာ(၁၂)ရွာမှ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ခုနစ်ခု၊ မြေသားရေကန်ပြုပြင်တူးဖော် ခြင်းလုပ်ငန်းတစ်ခု၊ ရေမြှုပ်ပန့်လဲလှယ် တပ်ဆင်ခြင်းလုပ်ငန်း တစ်ခု၊ အမြင့် ၂၀ ပေရှိ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းတစ်ခုနှင့် အိမ်တိုင်ရာရောက်ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းတစ်ခုကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ်နှင့် ပြည်သူထည့်ဝင်ငွေ များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းလွင်(မကွေး)