မုံရွာ မတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံပန်းချီ၊ ကွန်ပျူတာပန်းချီ၊ အင်္ဂလိပ်စာ (Grammar) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် မိဘများတက်ရောက် ကြကြောင်း သိရသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် နွေရာသီအခြေခံပန်းချီ၊ ကွန်ပျူတာပန်းချီ၊ အင်္ဂလိပ်စာ (Grammar) သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် ၅၃၃၀၄၀၀/- (ကျပ် ငါးဆယ်သုံးသိန်းသုံးသောင်းလေးရာ တိတိ) ကို ပေးအပ်ရာ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးမှ လက်ခံရယူခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက "ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီအားလပ်ရက်များ တွင် အချိန်ကို အကျိုးရှိရှိအသုံးချတတ်စေရန်၊ ပုံဆွဲခြင်းအတတ်ပညာကို စနစ်တကျရေးဆွဲ တတ်စေရန်နှင့် အသိပညာအတတ်ပညာများ တိုးပွားစေရန်" စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အတူ တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများက အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တက်ရောက်လာကြသူများနှင့် အတူ နွေရာသီ အခြေခံ ပန်းချီ၊ ကွန်ပျူတာပန်းချီ၊ အင်္ဂလိပ်စာ (Grammar) အခမဲ့သင်တန်း ဖွင့်လှစ်ပို့ချနေမှုနှင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော နံရံကပ်စာစောင်များ အား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ နွေရာသီအခြေခံပန်းချီ၊ ကွန်ပျူတာပန်းချီ၊ အင်္ဂလိပ်စာ (Grammar) သင်တန်းများကို မတ်လ ၄ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ အပတ်စဥ် တနင်္လာနေ့မှ သောကြာနေ့အထိ တစ်လကြာ သင်ကြားပေးသွားမည်ဖြစ်ပြီး အခြေခံပန်းချီသင်တန်းတွင် (၆၀)ဦး၊ အခြေခံကွန်ပျူတာပန်းချီသင်တန်းတွင် (၂၀)ဦး၊ အင်္ဂလိပ်စာ (Grammar) သင်တန်းတွင် (၄၀)ဦး၊ မူလတန်း၊ အလယ်တန်းအဆင့်နှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦး တက်ရောက်သင်ယူကြမည်ဖြစ်သည်။
အဆိုပါသင်တန်းများကို စစ်ကိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ခရိုင်/မြို့နယ်(၁၇)ရုံး၏ လူထုအခြေပြုဗဟိုဌာန (Community Centre) များတွင် သင်တန်းပေါင်း (၂၆) ကြိမ် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)