ငဖဲမြို့နယ် အိုးမြေတွင်းကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေး

ငဖဲ မတ် ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က အိုးမြေတွင်းကျေးရွာ ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်က  ပြည်သူ့စစ်မှုထမ်း ဥပဒေအသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်စိုး ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူး ဒုရဲမှူးဇော်ဝင်း၊ မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးပွားမောင်နှင့် မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်ယုယုသိန်းတို့က ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်နှင့် ပြည်သူ့ စစ်မှုထမ်းစနစ်ကျင့်သုံးရခြင်း အကြောင်းရင်းများ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းမှကင်း လွတ်ခွင့်ပြုထားသူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဥပဒေပုဒ်မ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အိမ်ထောင်စု လူဦးရေစာရင်းနှင့်ပတ်သက်သည့် သိကောင်းစရာများကို  အသိပညာပေး ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့်  ပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ပြီး  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)