ချောက်မြို့နယ်ရှိ ​မြို့​ပေါ်ရပ်ကွက်များတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ချောက် မတ် ၄

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ချက်များနှင့်ပတ်သက်၍ သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက အမှတ်(၁၁)ရပ်ကွက် ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေး​ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးတင်ထွန်းဦးက ကောလာဟလသတင်းများနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များ၊ ဥပဒေအကြောင်းအရာများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေးက ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ ​ပြည်သူ့စစ်မှုထမ်းရမည့်အသက်အရွယ်၊ စစ်မှုထမ်းရမည့်ကာလနှင့် ကင်းလွတ်ခွင့်ရှိသူများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးသန့်ဇင်ထူးက စစ်မှုထမ်းဥပဒေဆိုင်ရာ သိသင့်သိထိုက်သည့် အချက်များကိုလည်းကောင်း၊ ဒုမြို့နယ်ဥပဒေအရာရှိ ဒေါ်ရွှန်းလဲ့လွင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ ဒုလဝကမှူး ဦးသန်းစိုးက  ပြည်ပထွက်ခွာခွင့်များနှင့်ပတ်သက်၍ ခွင့်ပြုပေးနေမှုအပိုင်းများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များကို တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ရပ်ကွက်နေပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)