ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၆၅၉ ဦးဖြေဆိုမည်

ပွင့်ဖြူ မတ် ၄

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ စာစစ်ဌာန(၂)ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၆၅၉ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၂)ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ကာ ပွင့်ဖြူမြို့(အ.ထ.က)စာစစ်ဌာနတွင် အတွင်းဖြေ ၄၀၀ ဦး၊ အပြင်ဖြေ ၃၁ ဦး၊ ကုန်းဇောင်းကျေးရွာ(အ.ထ.က)စာစစ်ဌာနတွင် အတွင်းဖြေ ၂၂၀ ဦး၊ အပြင်ဖြေ ၈ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၆၅၉ ဦး ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာ(ဖောင်)များ တင်ထားပြီးဖြစ်ရာ အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများကို ဖေဖော်ဝါရီ(၂၇)ရက်နေ့ကစပြီး စာစစ်ဌာနကျောင်းများ၌ နေ့စဉ်မွန်းတည့်(၁၂)နာရီမှ ညနေ(၄)နာရီခွဲအထိ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်များကို ထုတ်ပေးလျက်ရှိကြောင်း  ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာမ/ဆရာမများနှင့် ကျောင်းသားမိဘများ ပူးပေါင်းပြီး အနီးကပ်အချိန်ပိုသင်ကြားရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ပေးထားကြောင်းနှင့် စာမေးပွဲဖြေဆိုချိန်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် လိုအပ်သော ကျောင်းလုံခြုံရေးကိစ္စရပ်များနှင့် ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)