လက်ပံတန်း မတ် ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လောကမာန်အောင်ရွှေဘုန်းရောင် ဘုရားကြီးကျောင်းတိုက် သာသနာ့ဗိမာန်တွင် ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ပြိုင်ပွဲဝင်ရောက်ဖြေဆိုရန်အတွက် သုတစုံလင်ဗုဒ္ဓဝင် ဓမ္မကျောင်းသင်တန်းကို ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး၊ ဗုဒ္ဓအကြောင်းကောင်းစွာ သိမှ ဗုဒ္ဓကိုလည်း ကြည်ညိုမည်ဟူသည်နှင့် လျော်ညီစွာ ဗုဒ္ဓဘာသာဝင်များအားလုံး မိရိုးဖလာ ဗုဒ္ဓ ဘာသာဝင်မှသည် ပညာသိအမှန်တကယ်ဗုဒ္ဓအကြောင်းကို ကောင်းစွာသိရှိကြပြီးနောက် ဗုဒ္ဓဟောကြား မြတ်တရားတော်များကို လေ့လာကျင့်ကြံ နိုင်ကြစေရန် ရည်ရွယ်၍ ဘုရားကြီးကျောင်းတိုက် ဆရာတော် ဦးသာသန၏ သြဝါဒကိုခံယူ၍ သင်တန်းနည်းပြ ဆရာမ (၇) ဦးက အခြေခံယဥ်ကျေးမှု၊ ကြီးပွားချမ်း သာမင်္ဂလာ တရားတော်များ၊ စာရိတ္တဆိုင်ရာ လိုက်နာကျင့်သုံးဖွယ်ရာများ၊ ဂေါတမဗုဒ္ဓဝင်၊ ဧတဒဂ်ဘွဲ့ထူး ရသူများ၊ ဧတဒဂ်ဘွဲ့ရ ရဟန္တာမထေရ်ကြီး (၄၁)ပါး၊ ငါးရာ့ငါးဆယ်ဇတ်နိပါတ်တော်များ အပါအဝင် သုတစုံလင်ဗုဒ္ဓဝင်ဆိုင်ရာ သင်ခန်းစာများကို မတ်လ ၈ ရက်နေ့မှ စတင်၍ ဧပြီလကုန်အထိ အပတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တိုင်း သင်ကြားပေးသွားမည်ဖြစ်သည်။
လက်ပံတန်းမြို့နယ်အတွင်းမှ ၂၀၂၃ ခုနှစ် သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲကို ဝင်ရောက်ဖြေဆိုအောင်မြင်သည့် မူလတန်း၊ အလယ်တန်း၊ အလွတ်တန်း သင်တန်းသား/သူများ ထူးချွန်ဆုရရှိသူများကို တာဝန်ရှိသူများက အောင်လက်မှတ်နှင့် ထူချွန်ဆုများချီးမြှင့်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)