သထုံမြို့၊ ပရိယတ္တိသာသနဟိတ အသင်းကြီး၏ (၉၆) ကြိမ်မြောက် မဟာဓမ္မပူဇာဘွဲ့နှင်းသဘင်ကျင်းပ

သထုံ မတ် ၃

မွန်ပြည်နယ်၊ သထုံမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီး၏ (၉၆)ကြိမ်မြောက် မဟာဓမ္မပူဇာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက်က မြသပိတ်တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာမ ကျောင်းတိုက်အတွင်းရှိ ဘွဲ့နှင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ စာအောင်သံဃာတော်များအား ကြိုဆိုပင့်ဆောင်ကြပြီး ပရိယတ္တိသာသနဟိတအသင်းနာယက၊ ဝင်းပဇောတိကာရုံကျောင်း တိုက်အုပ် ဆရာတော် ပိဋကတ္တရပါရဂူ ဘဒ္ဒန္တဩဘာသာဘိဝံသထံမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အဖွဲ့ဝင်များ၊ ပရိယတ္တိသာသနဟိတအသင်း အမှု ဆောင်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က သီလခံယူဆောက်တည်ကြသည်။

ယင်းနောက် ပရိယတ္တိသာသနဟိတအသင်းဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အမှုဆောင်တို့က (၉၆)ကြိမ်မြောက် မဟာဓမ္မပူဇာ ဘွဲ့နှင်းသဘင်ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ပရိယတ္တိသာသန ဟိတအသင်းနာယက ဆရာတော်ကြီးများထံ လှူဖွယ်များ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ (၉၆)ကြိမ်မြောက် သုဝဏ္ဏဘူမိပရိယတ္တိစာမေးပွဲမှ အဆင့်အတန်း အသီးသီးဖြင့် အောင်မြင်တော်မူခဲ့ကြသူတို့အား ပရိယတ္တိသာသနဟိတအသင်းဥက္ကဋ္ဌ နှင့် တာဝန်ရှိသူတို့က ဘွဲ့တံဆိပ်အသီးသီးတို့ကို ဆက်ကပ်လှူဒါန်းကာ အလှူရှင်တို့က လှူဖွယ်များ လောင်းလှူခဲ့ကြသည်။

ပရိယတ္တိသာသနဟိတအသင်းကြီးမှ ကျင်းပပြုလုပ်သည့် (၉၆)ကြိမ်မြောက် သုဝဏ္ဏ ဘူမိပရိယတ္တိစာမေးပွဲကို ၂၀၂၃ ခုနှစ်၊ ‌ဇွန်လ ၁၀ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့ရာ သံဃာတော်နှင့် သီလရှင် စုစုပေါင်း ၂၉၂ ပါးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြ‌ကြောင်း (၉၆)ကြိမ်မြောက်စာမေးပွဲ၏ မဟာဓမ္မပူဇာ ဘွဲ့နှင်းသဘင်တွင် အမြင့်ဆုံးဘွဲ့ဖြစ်သည့် ပိဋကတ္တရပါရဂူဘွဲ့ရသူ (၂)ပါး၊ ပထမစာချဘွဲ့ရ (၅)ပါး၊ ဒုတိယစာချဘွဲ့ရ (၄)ပါး၊ အဆင့်အတန်းအသီးသီး၌ အောင်မြင်ကြသူ (၃၄)ပါးရှိကြောင်း ပရိယတ္တိသာသနဟိတအသင်းမှ သိရသည်။

ခရိုင် (ပြန်/ဆက်)