ဟင်္သာတမြို့ပေါ်နှင့် ကျေးလက်နေပြည်သူများအား အထူးကုဆရာဝန်ကြီးများမှ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို (အခမဲ့) ဆောင်ရွက်ပေး

ဟင်္သာတ မတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ပန်းဘဲတန်းရပ်ကွက်ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာန အစီအစဥ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခဒေါက်တာ မိုးဝင့်အောင်-ပါမောက္ခ ဌာနမှူး (ဆီးချိုနှင့် ဟော်မုန်း) ပါ ၁၁ ဦးနှင့် မျက်စိအထူးကုဆရာကြီး ဒေါက်တာ အေးကျော့ကျော့လတ်တို့ ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့က ဟင်္သာတ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူ့များအား ယမန်နေ့ နံနက်ပိုင်းမှစတင်၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာသို့ မတ်လ ၂ ရက်နေ့တွင် လာရောက်ပြသခဲ့သော ဆီးချိုနှင့် ဟောင်မုန်းဆိုင်ရာလူနာ (၁၇) ဦး၊ အထွေထွေရောဂါ ဆေးပညာလူနာ (၃၆)ဦး၊ အထွေထွေခွဲစိတ်လူနာ (၂၂ )ဦး၊ ရင်ခေါင်း ဆေးကုသမှုဆိုင်ရာလူနာ (၆) ဦး၊ နှလုံးရောဂါဆိုင်ရာ လူနာ(၁၉)ဦး၊ ကလေးကျောက်ကပ် ရောဂါလူနာ (၃)ဦး၊ ဆီးနှင့် ကျောက်ကပ်ဆေးကုသမှုဆိုင်ရာလူနာ (၂၅)ဦး၊ ဦးနှောက်နှင့် အာရုံကြော ဆေးကုသမှုဆိုင်ရာ လူနာ (၁၆) ဦး၊ ဦးနှောက်နှင့် အာရုံကြော (ခွဲစိတ်) ကုသမှုဆိုင်ရာလူနာ (၇)ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လူနာ(၉)ဦး၊ မျက်စိရောဂါလူနာ(၁၅၉)ဦး နား၊ နှာခေါင်း လည်ချောင်း လူနာ (၁၈)ဦး၊ အရိုးရောဂါလူနာ (၃၁) ဦး၊ ကလေးရောဂါလူနာ (၁၃)ဦး၊ မွေးကင်းစကလေးရောဂါ လူနာ (၁၁) ဦး၊ သားဖွားမီးယပ်ရောဂါလူနာ (၁၉)ဦး၊ ကင်ဆာရောဂါလူနာ (၃) ဦး၊ သွားနှင့် ခံတွင်း လူနာ (၁၇)ဦး၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးရောဂါလူနာ (၁၁)ဦး၊ စုစုပေါင်း လူနာ (၄၄၂) ဦး တို့အား ရန်ကုန်မြို့မှ အထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် ဟင်္သာတခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ နေလင်းဦးဆောင်သော ဆရာ၊ ဆရာမများ၊ သူနာပြုများ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အခမဲ့ကုသ‌ပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်