မြို့သစ်မြို့နယ်မှ ဒေသထွက်ဆီးသီးများစျေးကောင်းရရှိ

မြို့သစ် မတ် ၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ဆီးသီးအဝယ်ဒိုင်သို့ ဆီးသီးများ ပုံမှန် ဝင်ရောက်လျက်ရှိပြီး ဆီးသီးစျေးမြင့်တက်နေကြောင်း ဆီးသီးဝယ်ယူသူတစ်ဦးထံက သိရသည်။ အညာဒေသတွင် ဆီးသီးပင်များကို စိုက်ပျိုးခြင်းမရှိပဲ အလေ့ကျဆီးသီးပင်များကို ယာပိုင်ရှင် လယ်ပိုင်ရှင်များက ပြုပြင်ကာ အပွင့်ပွင့် အသီးသီးရင့်မှည့်ချိန် ဆီးပင်အောက်၌ ပေါင်းမြက်ရှင်း ကာ ဆီးသီးကောက် ယူရောင်းချကြကြောင်း၊ မြို့သစ်မြို့နယ်အတွင်း ကျေးလက်တောင်သူများ တောင်သူလုပ်ငန်းနားချိန်တွင် အလေ့ကျဆီးသီးပင်များက မိသားစုတဖက်တလမ်းက ဝင်ငွေဖြည့်ဆည်းပေးနေသည့် အလေ့ကျပဒေသာပင်များဖြစ်ကြောင်း၊ ဆီးသီး သီးပြီးလျှင် ဆီးပင် ဆူးကိုင်းများကို ခုတ်ကာခြံစည်းရိုးအဖြစ် ပြုလုပ်၍ ကာရံကြကြောင်း သိရသည်။

ဆီးပင်များ တစ်သီးသီးပြီးတိုင်း ခုတ်မှသာ ဆီးပင်များ အညှောင့်၊ အကိုင်းအထွက်သန်ကာ နောက်တကြိမ် ပြန်လည်အပွင့်ပွင့် အသီးသီးချိန် ဆီးသီးအလုံးထွားကြောင်း ဒေသခံများက ပြောသည်။ “ဆီးသီးကောက်ရောင်းတဲ့သူတွေအတွက် တွက်ချေကိုက်တယ်။ ပွဲစားတွေအနေနဲ့လည်း လှောင်နိုင်ရင် အဆင်ပြေတယ်။ တစ်တင်းကို အလုံးလှပြီး ကြီးရင် ၁၅၀၀၀၊ ပုံမှန်ဆို ၁၃၀၀၀ နှုန်းပေးပြီးဝယ်ပါတယ်” ဟု ဆီးသီးဝယ်ယူသူတစ်ဦးက ပြောသည်။

တစ်နေကုန်ကောက်ရင် သုံးတင်းလောက်ရကြတာဆိုတော့ မိသားစုအတွက် တစ်ပိုင်တစ်နိုင် ဝင်ငွေတိုးတာပေါ့” ဟု မြို့သစ်မြို့နယ်မှ ဆီးသီးကောက်ယူ ရောင်းချသူတစ်ဦးက ပြောသည်။ မြို့သစ်မြို့နယ်တွင်း ဆီးသီးပင်အမြောက်အများရှိကြပြီး ဆီးသီးမှည့်များ စတင်ကောက်ယူရောင်း ချချိန် တစ်တင်းရှစ်ထောင်ကျပ်ဖြင့် စတင်ရောင်းချခဲ့ရာမှ ဆီးသီးများလှိုင်လှိုင်ပေါ်ချိန်တစ်တင်း တစ်သောင်းသုံးထောင်ကျပ်နှင့် အထက် ရရှိရောင်းချရသဖြင့် ဆီးသီးရောင်းချသူများ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)