တက္ကသိုလ်ဝင်တန်း စာမေးပွဲများ အေးချမ်းစွာဖြေဆိုနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသူ တို့၏ ရင်တွင်းစကားသံများ

ကြို့ပင်ကောက် မတ် ၃

မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများမှာ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူအသီးသီးက ယခုလိုပြောကြားခဲ့ပါတယ်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေး

“ကြို့ပင်ကောက်မြို့မှာ ၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ မကြာခင်မှာကျင်းပတော့မှာ ဖြစ်ပါတယ် ပြီးခဲ့တဲ့နှစ်တိုင်းလဲ အေးချမ်းသာယာစွာနဲ့ ဖြေဆိုနိုင်ခဲ့ကြပါတယ် ဒီလိုဖြေဆိုနိုင်ဖို့ စာမေးပွဲဖြေဆိုနေတဲ့ကာလတွေမှာ သက်ဆိုင်ရာစာစစ်ဌာနတွေမှာ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲတွေ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူတွေ အေးချမ်းစွာဖြေဆိုနိုင်ဖို့ စီမံဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ခုနှစ်လဲ အလားတူပဲ မြို့နယ်အဆင့်ဌာနဆိုင်ရာတွေကို သက်ဆိုင်ရာစာစစ်ဌာနအလိုက် တာဝန်ပေးအပ်သွား ပါမယ်၊ ပြီးရင်လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး မြို့ပေါ်က စာစစ်ဌာနနှစ်ခုနဲ့ ကျေးရွာက စာစစ် ဌာနနှစ်ခု စာစစ်ဌာနလေးခုမှာ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ဖို့ စီမံဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် မြို့နယ်အတွင်းမှာရှိတဲ့ အထက်တန်း နဲ့ အထက်တန်းခွဲကျောင်းအုပ်ကြီးများနဲ့ တွေ့ဆုံပြီး ကြိုတင်ညှိနှိုင်းထားတာတွေလဲရှိပါတယ်။ စာမေးပွဲမဖြေဆိုခင် စာစစ်ဌာနတွေမှာ စာသင်ခန်းတစ်ခန်းခြင်းအလိုက် လိုအပ်တဲ့စစ်ဆေးမှုတွေ စာမေးပွဲဖြေဆိုတဲ့ကာလမှာလဲ သက်ဆိုင်ရာပညာရေးဌာနနဲ့ ပေါင်းစပ်ပြီး လုံခြုံရေးပိုင်းဆိုင်ရာတွေ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေ ရပ်ကျေးအဖွဲ့တွေ လူမှုရေးအသင်း အဖွဲ့တွေပူးပေါင်းဆောင်ရွက်သွားပါမယ်။ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက်လဲ လွန်ခဲ့တဲ့ နှစ်လ သုံးလလောက်ကတည်းက ဆရာ၊ ဆရာမများက အနီးကပ်အချိန်ပိုသင်ကြားတာ တွေကို ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဒီနှစ်မှာလဲ အောင်ချက်ရာခိုင်နှုန်း မြင့်မားလာမယ်လို့ ယုံကြည်ပါ တယ်” ဟုပြောကြားသည်။

မြို့နယ်ပညာရေးမှူး ဦးကျော်နိုင်

“ကျွန်တော်တို့ မြို့နယ်မှာဆိုရင် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန လေးခုမှာ စာဖြေကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၈၁ ဦးရှိပါတယ်။ ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်တန်းဖြေဆိုမဲ့ ကျောင်းသား၊ ကျောင်းသူများက မိမိတို့ဖြေဆိုမဲ့ စာစစ်ဌာနကြီးကြပ်ရေးမှူးများထံမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စပြီး စာမေးပွဲဖြေဆိုခွင့်ကတ်များကို ထုတ်ယူရရှိနိုင်ပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေ အေးချမ်းစွာဖြေဆိုနိုင်ဖို့ စာစစ်ဌာနတွေမှာ ခြံစည်းရိုးတွေလုံခြုံဖို့ ဆောင်ရွက်ထားရပါတယ်။ လုံခြုံရေးနဲ့ပတ်သက်လို့လဲ စီမံချက်တွေရေးဆွဲထားရပါတယ်။ နောက်တစ်ခုက မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးတွေ မီးချိတ်မီးကတ်တွေ ရေအိတ်သဲအိတ်တွေ ရေလှောင်ကန်တွေကို ရေဖြည့်ထားခြင်းတွေ ဆောင်ရွက်ထားပါတယ်။ လျှပ်စစ်မီးနဲ့ပတ်သက်လို့ စာဖြေခန်းတွေမှာ မီးသီးမီးကြိုးတွေကိုလဲ အသစ်လဲလှယ်ပေးထားရပါတယ်။ အရံစာစစ်ဌာနနှစ်ခု ပြည်သူ့ဆေးရုံ စာစစ်ဌာနတွေကို အဆင်သင့်ပြင်ဆင်ထားရပါတယ် စာဖြေရက်စာစစ်ဌာနများမှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက အလှည့်ကျ တာဝန်ယူစောင့်ရှောက်ပေးသွားဖို့လဲရှိပါတယ်။ ကြို့ပင်ကောက်မြို့ရဲ့ ၂၀၂၂-၂၀၂၃ အောင်ချက်ရာ ခိုင်နှုန်းက ၇၉ ဒသမ ၀၈ ရာခိုင်နှုန်းရရှိခဲ့ပါတယ်။ ယခုနှစ်မှာလဲ ယခင်နှစ်ကအောင်ချက်ထက် မလျော့အောင် ကျောင်းသူ၊ ကျောင်းသားများနဲ့ ဆရာ၊ ဆရာမများက အထူးကြိုးစားပြီး ဆောင်ရွက် လျက်ရှိပါတယ်။ စာမေးပွဲဖြေဆိုမဲ့ ကျောင်းသူ၊ ကျောင်းသားများက စာမေးပွဲဖြေဆိုရန်လာချိန် စာမေးပွဲဖြေဆိုခွင့်ကတ် ဘောပင်၊ ခဲတံ၊ ပေတံကအစ ဂရုတစိုက်ယူဆောင်လာကြရန်နဲ့ စာဖြေရက် တွေမှာ ကျန်းမာရေးအထူးဂရုစိုက်ကြရန် လိုအပ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများ အားလုံး အောင်မြင်ကြပါစေကြောင်း ဆုတောင်းပေးပါတယ်” ဟုပြောကြားခဲ့သည်။

မောင်ဟိန်းထက်နောင် (Grade-12)ကျောင်းသား

ကျွန်တော်ကတော့ Sim-2 ဝိပ္ပံဘာသာတွဲကို ယူထားပါတယ်။ စာမေးပွဲမှာ အမှတ်များများနဲ့ ဖြေဆိုနိုင်ဖို့ ကြိုးစားကျက်မှတ်နေပါတယ်။ ကျွန်တော်ကြိုးစားကျက်မှတ်လို့ရအောင် နောက်ကနေ ထောက်ပံ့ပေးနေတဲ့ မိဘများကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ မိဘတွေရဲ့ဖြစ်စေချင်တဲ့ဆန္ဒ ကျွန်တော်ဖြစ်ချင်တဲ့ အင်ဂျင်နီယာကိုလည်း ဖြစ်အောင်ကြိုးစားသွားပါမယ်။ လျှပ်စစ်အင်ဂျင်နီယာ အပိုင်းကို ပိုပြီးစိတ်ဝင်စားပါတယ်။ ကျောင်းမှာစာသင်ပေးတဲ့ ဆရာဆရာမတွေကလဲ အချိန်ပိုနှစ်လ တိတိ ခေါ်ယူသင်ကြားပေးတဲ့အတွက် စာတွေကိုပိုပြီးလေ့ကျင့်နိုင်ခဲ့ပါတယ်။ ကျွန်တော်စာကျက်တဲ့ အချိန်တွေကတော့ ညဘက်ဆို ၁၂ နာရီအထိနဲ့ မနက်စောစောထကျက်ပါတယ်။ နေ့ခင်ဘက် အချိန်တွေမှာလည်း စာကျက်ပါတယ်။ အဲဒါကြောင့် စာမေးပွဲကို အောင်မြင်အောင် ဖြေဆိုနိုင်မယ်ဟု ယုံကြည်ပါတယ်” ဟုပြောကြားသည်။

ကြို့ပင်ကောက်မြို့ စနစ်သစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့်အောင်မြင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနအကြီး အကဲများ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများက ဝိုင်းဝန်းကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)