ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေး

ပွင့်ဖြူ မတ် ၃

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ များနှင့် စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ် ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို  ယနေ့နံနက် (၁၀) နာရီက  ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာ ဓမ္မာရုံ၌ ကျင်းပသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ အသိပညာပေး ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး  ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ရှယ်ရတနာဦးက ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဝင်းဦးက လူမှုကွန်ယက် စာမျက်နှာများတွင် ပြည်သူလူထု အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် အတင်းအဓမ္မ ပေါ်တာဆွဲခြင်း ၊ ဖမ်းဆီးခြင်းများ စသည့် ရေးသားဖော်ပြချက်များမှာ လုပ်ကြံရေးသားသည့် သတင်းတု ၊ သတင်းမှား မျာသာဖြစ်ကြောင်းနှင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးလုပ်ငန်းများကို လှည့်ကင်း၊ ပတ်ကင်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ကျေးရွာနေ ပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာ ရမည့်အချက်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်  တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ပညာပေးလက်ကမ်း စာစောင်များကို ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 လှိုင်ဝင်းလေး (ပြန်/ဆက်)