သံဖြူဇရပ် မတ် ၃
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ သန္တိသုခကျောင်းတိုက် (၁၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင်းခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီအချိန်က အောင်ဇေယျရပ်ကွက်ရှိ သန္တိသုခကျောင်းတိုက်ဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်ရောက်ခဲ့သည့်အသင်းတို့အား ကြီးကြပ်အဖွဲ့ဝင် ဦးပေါက်ပေါက်က ပြိုင်ပွဲကျင်းပပေးရသည့် ရည်ရွယ်ချက်နှင့် ပြိုင်ပွဲဝင်စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကျင်းပရေး နာယကများနှင့် အကဲဖြတ်ဒိုင်အဖွဲ့တို့က မြန်မာရိုးရာ ထမနဲထိုးပြိုင်ပွဲ ဆုရရှိကြသည့် အသင်းတို့အား ဂုဏ်ပြုဆုများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာတို့မှ အသင်း(၁၈)သင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုကို ကြာကန်ရပ်ကွက်အသင်း၊ ဒုတိယဆုအား ဝယ်သွန်ချောင် ကျေးရွာအသင်းနှင့် တတိယဆုတို့ကို အောင်ချမ်းသာရပ်ကွက်အသင်းတို့မှ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)