မြို့သစ် မတ် ၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို မတ်လ (၁) ရက်နေ့ မွန်းလွဲပိုင်းက ညောင်ကိုင်း ကျေးရွာ အုပ်စု၊ ညောင်ကိုင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသီဟအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသိန်းလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့သစ်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဇော်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်တို့က ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အကြောင်းအရာများ ဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းရခြင်းနှင့် ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရခြင်းအကြောင်း အရင်းများ၊ စစ်မှုထမ်းရမည့် အသက်အရွယ် အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့် ကာလ၊ စစ်မှုထမ်းခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရသူများ၊ ပြည်သူ့စစ်မှု ထမ်းဥပဒေပုဒ်မနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများ ပါဝင်သည့် လက်ကမ်းစာစောင်များကို ပြည်သူများ လေ့လာဖတ်ရှုနိုင်ရန် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)