မင်းလှ မတ် ၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့် ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယနေ့ နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှ မြို့နယ်တွင် လယ်ယာမြေလုပ်ငန်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဝက်လှကြီးအုပ်စု၊ ဝက်လှကြီးကျေးရွာအနီး ဦးပိုင်အမှတ် (၃၁/၂)၊ (၃၁/၃)၊ (၃၁/၅) ကွင်းအမှတ် ၁၁၀၅ (W)၊ တောင်သူ(၆)ဦး၏ လယ်မြေ(၄၀)ဧက၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ (၁၈)သန်းဖြင့် အမှတ်(၂၇) မြို့နယ်စက်မှုလယ်ယာစခန်းမှ တာဝန်ယူဆောင်ရွက်နေသည့် လယ်ယာမြေပြုပြင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ကြည့်ရှုအားပေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်က တောင်သူများအား လယ်ယာမြေအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ပြီးပါက စိုက်ပျိုးရေးကဏ္ဍကြီး ပိုမိုတိုးတတ်စေရန်အတွက် နွေစပါးအထွက်နှုန်းပိုမိုရရှိအောင် ကြိုးစားစိုက်ပျိုးရန်၊ တစ်သီးမှ နှစ်သီး၊ နှစ်သီးမှ သုံးသီးတို့ချဲ့စိုက်ပျိုးကြစေလိုကြောင်း ပြောကြားပြီး မြေဩဇာအိပ်များ၊ ပိုးသတ်ဆေး/ပေါင်းသတ်ဆေးနှင့် အပင်အားဆေးများကို ထောက်ပံ့ပေး အပ်ခဲ့သည်။
လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကြောင့် ရေသွင်းရေထုတ်ကောင်းမွန် ခြင်း၊ ဧကကွက်များဖြစ်ပေါ်လာခြင်း၊ မြေဖလှယ်ပြုပြင်ခြင်းကြောင့် မြေဆီလွှာများကောင်းမွန်လာခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း၊ မင်းလှမြို့နယ်တွင် ကံတင်ဘီးလင်းဆည်၊ မင်းလှဆည်နှင့် မုက္ခာဆည်တို့မှ ရရှိသော စိုက်ပျိုးရေဖြင့် ၂၀၂၄ ခုနှစ်၊နွေစပါးစိုက်ပျိုးခြင်း လျာထားချက်ဧက (၁၂၈၉၄) ရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)