မုဒုံ မတ် ၃
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လက်ရိုက်အုတ်များကို နိုဝင်ဘာလမှ မေလအထိ လုပ်ကိုင်ဆောင်ရွက်ကြပြီး ပွင့်လင်းရာသီချိန် ယခုအခါ ဆောက်လုပ်ရေးလုပ်ငန်းများ လည်ပတ်များပြားလာခြင်းကြောင့် လက်ရိုက်အုတ်များ ဝယ်လိုအား မြင့်တက်လာကာ လုပ်ငန်းရှင်များနှင့် လုပ်သားများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အုတ်လုပ်ငန်းများ လုပ်ကိုင်ရာတွင် ရွှံ့မြေကြီးများကို အဓိကထား၍ ပုံစံခွက်ဖြင့် ရွှံ့မြေကြီးများကို ထည့်ကာ နေလှန်ပြီး မီးဖြင့် နှစ်ရက်ကြာ အုတ်ဖုတ်ရကြောင်း၊ လုပ်ငန်း များအတွက် လုပ်သားများကို ပဲခူး၊ ဧရာဝတီ စသည့် ပြည်နယ်/တိုင်းဒေသကြီးများမှ ရွှေ့ပြောင်းလုပ်သားများကို ခေါ်ယူရ၍ လုပ်သားတစ်ဦးအား တစ်ရက်လျှင် အမျိုးသမီးတစ်ဦး (၈၀၀၀)ကျပ်၊ တစ်မျိုးသားများအား လုပ်ငန်းပြီးစီးမှုပေါ် မူတည်၍ ပုဒ်ပြတ်ပေးရကြောင်း၊ ထွက်ရှိလာသည့် အုတ်များကို မုဒုံမြို့နယ်အပြင် မော်လမြိုင်၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ဘုရားသုံဆူမြို့နယ်များအထိ တင်ပို့ရောင်းချရ၍ ယခင်နှစ်က အုတ်တစ်လုံးလျှင် ငွေကျပ် (၇၀) ရရှိကာ ယခုနှစ် အုတ်ထွက်ချိန်တွင် ငွေကျပ် (၁၄၀) အထိ ရရှိကြောင်း အုတ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မုဒုံမြို့နယ်တွင် အုတ်လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင် (၂၀) ကျော်ရှိပြီး တစ်နှစ်သာ ကာလပတ်လုံး အုတ်အလုံးရေ (၁၀) သန်းခန့် ထုတ်လုပ်ရောင်းချရကာ ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် အုတ်များ ထွက်မလောက်အောင် တင်ပို့ရောင်းချနေရကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)