ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေး

ပန်းတောင်း မတ် ၃

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေး လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် လှိုင်တင့်၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့ဝင်များ၊  ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ကျော်မိုး၊ ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်နှင့် မြို့မစခန်းမှူး ဒုတိယရဲမှူး မျိုးမင်း၊  မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ မကြီးထုံး အုပ်စု၊ ထောက်ရှာတန်းကျေးရွာရှိ ဆင်းပဒေသာ-၁၁ မြေပဲစိုက်ပျိုးထားရှိမှုနှင့် စံကွက်ရိတ်သိမ်းမှု အခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေး၍ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်လက်၍ သူရဲတန်းကျေးရွာ-ကျားကိုက်ကျေးရွာ ကွန်ကရစ်လမ်းခင်းနေမှုများအားလည်းကောင်း၊ သူရဲတန်းကျေးရွာအနီးရှိ ဧရာဝတီမြစ်ရေတင် ဆောင်ရွက်နေမှုအားလည်းကောင်း၊ သူရဲတန်းကျေးရွာရှိ နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေအားလည်းကောင်း၊ ပဲကြီးကျေးရွာအုပ်စုရှိ ဇီးကုန်းချောင်း ရေထုတ်မြောင်းဖောက်လုပ် ထားမှုများအားလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့သည်။

လပြည့်လင်း(ပြန်/ဆက်)