ဖျာပုံမြို့နယ် ဒေးဒလူကျေးရွာတွင် ပန်းခင်းစီမံချက် (၃) အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဖျာပုံ မတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ဒေးဒလူကျေးရွာအုပ်စုတွင် အသက် (၁၆) နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်( ၃)အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က အဆိုပါ ​ကျေးရွာဘုန်းတော်ကြီးကျောင်းဘုရားတန်​ဆောင်းတွင် ပြုလုပ်ပေးခဲ့သည်။
ထိုသို့ ပန်းခင်းစီမံချက် (၃) အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင် ဦးဆောင်၍ မြို့နယ်တိုက်နယ်မှူးများ၊ လက်ထောက်လဝကမှူးများနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက် (၃) အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ဒေးဒလူကျေးရွာအုပ်စုအတွင်း မြေပြင်အရောက် လူကျန်စာရင်း အကွက်အပေါက်များ ကောက်ယူခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ပြည်သူများ၊ အသက် (၁၀) နှစ်ပြည့်ပြီးသူနှင့် အသက် (၁၆) နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ၊ အိမ်ထောင်စု စာရင်းပျောက်ဆုံး၊ ပျက်စီးမှုများအား စိစစ်ပြီး၊ အသစ်ပြန်လည် ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။ ဖျာပုံမြို့နယ်အနေဖြင့်၊ မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများသို့လည်း၊ နေ့ရက်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများကို ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်​ပေးလျက်ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)