ကြို့ပင်ကောက် မတ် ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါများမှ ကင်းဝေးစေရန် ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ရပ်ကွက်အလိုက် တာဝန်ခံဆရာမများက မွေးစမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာ၊ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါဘီရောဂါ၊ ဦးနှောက် အမြှေးရောင်ရောဂါ (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုရောဂါများကို ကာကွယ်နိုင်သော ကာကွယ်ဆေးများထိုးနှံခြင်း တိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် မြို့ပေါ် (၁၀) ရပ်ကွက်မှ ကလေးငယ်ပေါင်း ၁၅၀ ဦးခန့်အား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခဲ့ကြပြီး ကျေးရွာအုပ်စုများရှိ ကျေးလက်ဆေးပေးခန်းများတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)