ယင်းမာပင်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ယင်းမာပင် မတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို မတ်လ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှင်းလင်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ၁ ဗိုလ်မှူးကြီး ဝင်းခိုင်ထွန်းက ပြဋ္ဌာန်းထား သည့် ဥပဒေ၏ အခွင့်အရေးအား နိုင်ငံသားတိုင်းခံစားခွင့်ရှိသကဲ့သို့ ဥပဒေပါတာဝန်များကိုလည်း နိုင်ငံသားတိုင်းလိုက်နာရမည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယခုမှအတည်ပြုထုတ်ပြန် လိုက်ခြင်းမဟုတ်ဘဲ ၁၉၅၉ ခုနှစ်မှစတင်၍ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေဆိုပြီး ရှိခဲ့ပါကြောင်း၊ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀) နှင့် ၁၉၅၉ ပြည်သူ့စစ်မှုထမ်းဥပဒေ အားပြင်ဆင်သတ်မှတ်ခဲ့ပြီး အခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် စတင်အာဏာတည်စေခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအား မြန်မာနိုင်ငံတွင် သာပြဋ္ဌာန်းခြင်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများစွာတွင်လည်း ကျင့်သုံးလျက်ရှိရာ သာဓကအနေဖြင့် အရှေ့တောင်အာရှ ဒေသနိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ လာအို၊ ထိုင်းနိုင်ငံနှင့် ဒေသ တွင်း နိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ ဩစတြေလျနိုင်ငံများတွင်လည်း ကျင့်သုံးလျက်ရှိပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဌာန်းချက်များနှင့် အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်” ဟုလည်းကောင်း ပြဋ္ဌာန်းထားပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံတော်ကာကွယ်ရေးတာဝန် အား လူကြီး၊ လူငယ်မရွေး တိုင်းရင်းသား ပြည်သူအားလုံး သိနားလည်ရန်၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများဖြစ်သည့် နိုင်ငံခြားတိုင်းပြည်များတွင် ဆောင်ရွက်နေသော စစ်မှုမထမ်းမနေရစနစ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းခြင်း၊ ပြည်သူ့ စစ်မှုထမ်းရန်ကာလ၊  ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့် များ၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခြင်း၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းနိုင်သည့် ပုဂ္ဂိုလ်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်း ချပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲသို့ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြ‌ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)