နတ်မောက် မတ် ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်သည် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ အဓိကစိုက်ပျိုးသည့် မြို့နယ်ဖြစ်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ယခုနှစ် စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်း တိုးတက်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တောင်သူများအနေဖြင့်လည်း နွေထယ်ရေးခံခြင်းနှင့် သဘာဝမြေသြဇာဖြစ်သည့် နွားချေးချခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။
၂၀၂၄-၂၀၂၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ဆီဖူလုံမှုရရှိပြီး ပြည်ပမှ ဆီတင်သွင်းမှု လျှော့ချနိုင်ရန်အတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ဆောင်ရွက်လျက်ရှိရာ နတ်မောက်မြို့နယ်အနေဖြင့် ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများ ပန်းတိုင်အထွက်နှုန်း တိုးတက်စေရန် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။
"ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်း တိုးတက်စေရေးအတွက် ပန်းတိုင်အထွက်နှုန်း တိုးတက်ကောင်းမွန်တဲ့ ဧရိယာတွေက ကျေးရွာအုပ်စုတွေ၊ တောင်သူတွေကို ရွေးချယ်ပြီး ကျွန်မတို့ဌာနအနေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် မျိုးမြှင့်တင်ရေးလုပ်ငန်းတွေ၊ မျိုးသန့်စင်ပြီး ဗီဇ ပြန်လည်မြှင့်တင်ခြင်းလုပ်ငန်းတွေ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သဘာဝမြေသြဇာ အသုံးပြုပုံနဲ့ သဘာဝမြေသြဇာ ပြုလုပ်ပုံနည်း စနစ်များကို တောင်သူများထံ စိုက်ပျိုးရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ တောင်သူများအနေနဲ့လည်း သဘာဝမြေသြဇာ ထည့်သွင်းခြင်းနဲ့ မြေယာပြုပြင်ခြင်းနည်းလမ်းတွေ၊ ရေရရှိရေး နည်းလမ်းတွေကို ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး ဆီထွက်သီးနှံအထွက်နှုန်း တိုးတက်စေရေးမှာ ရာသီဥတုနဲ့လည်း အများကြီး သက်ဆိုင်တဲ့အတွက် ရာသီဥတု ပူပြင်းတဲ့အချိန်မှာ ဖြည့်စွက်ရေသုံးနိုင်အောင်၊ ဆိုလာ စနစ်တွေ အသုံးပြုပြီး ရေသွင်း ရေဖြန်းနိုင်အောင်နဲ့ အဓိကကတော့ ရေရရှိနိုင်မယ့် နေရာများမှာ ဖြည့်စွက်ရေပေးနိုင်အောင် စီမံဆောင်ရွက်ထားသင့်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။
နတ်မောက်မြို့နယ်၌ ၂၀၂၄- ၂၀၂၅ခု နှစ် စိုက်ပျိုးရာသီတွင် မြေပဲ ၄၈၆၆၇ ဧက စိုက်ပျိုးပြီး ၃၁၉၆၉၂၄ တင်းထွက်ရှိနိုင်ရေး၊ နှမ်း ၁၉၉၆၀၆ ဧက စိုက်ပျိုးပြီး ၃၂၁၁၀၂၉ တင်း ထွက်ရှိနိုင်ရေးနှင့် နေကြာ ၄၃၉၉၅ ဧက စိုက်ပျိုးပြီး ၅၉၁၂၄၄ တင်း ထွက်ရှိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယမန်နှစ် စိုက်ပျိုးရာသီတွင် နတ်မောက်မြို့နယ်အနေဖြင့် ဆီထွက်သီးနှံဧကပေါင်း ၂၇၇၈၉၃ဧက စိုက်ပျိုးခဲ့ပြီး ၅၂၅၈၅၄ တင်းထွက်ရှိ ခဲ့ကြောင်းနှင့် မြို့နယ်၏ လူဦးရေအချိုးအရ ဆီဖူလုံမှုရာခိုင်နှုန်းမှာ ၄၅၄ ရာခိုင်နှုန်းရှိပြီး စာသုံးဆီ ဖူလုံပိုလျှံသော မြို့နယ်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှဝင်း