မုံရွာ မတ် ၃
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်း မတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် လယ်ယာ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် သီးနှံမျိုးစုံဖြစ်ထွန်းရာ တိုင်းဒေသကြီးတစ်ခုဖြစ်ခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍတွင်လည်း အထူးအားထားရသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသ ကြီးအတွင်း တည်ဆောက်ထိန်းသိမ်းထားသည့် ဆည်များ၊ ဒေသန္တရဆည်များ၊ မြစ်ရေတင်နှင့် မြေအောက်ရေလုပ်ငန်းများအရ အကျိုးသက်ရောက်သည့် ဧရိယာများနှင့် မိုးကောင်းသောက် ဧရိယာများတွင် စပါး (၂.၂) သန်း၊ ပဲမျိုးစုံ (၂.၅) သန်း၊ ဆီထွက်သီးနှံ (၂.၄) သန်း၊ ကြံ(၃)သိန်းခန့် နှင့် ဝါသီးနှံ(၈၂,၄၀၀) ဧကခန့်အပါအဝင် သီးနှံစုစုပေါင်းစိုက်ပျိုးဧရိယာ (၉.၇)သန်းခန့်ဖြင့် သီးနှံစုံ လင်စွာ စိုက်ပျိုးထုတ်လုပ်လျက်ရှိခြင်းကြောင့် နိုင်ငံတော်၏ လယ်ယာကုန်ထုတ်လုပ်မှုကဏ္ဍ အား ထောက်ပံ့ပေးနေသည့် တိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အဓိက စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး ကြိုးစားဆောင်ရွက်နေသကဲ့သို့ အဓိကသီးနှံ(၁၀) မျိုးတွင်ပါဝင်သည့် ဝါနှင့် ဂျုံသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကိုလည်း အထူးအလေး ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံမျိုးစုံစိုက်ပျိုးနေသည့် တိုင်းဒေသကြီး၏ စိုက်ပျိုးစွမ်းအားနှင့် ပန်းတိုင်အထွက် နှုန်းမြှင့်တင်ကာ စားရေရိက္ခာဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် တောင်သူဦးကြီးများ၏ စွမ်းအားသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေခြင်းကြောင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားမျာ၏ ဘဝတိုးတက်မြင့်မားရေးအား အမြဲအလေးထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း စားရေရိက္ခာ ဖူလုံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆွေးနွေးပွဲသို့တက် ရောက်လာကြသည့် ဒေသခံတောင်သူများအား ဝါ၊ နေကြာသီးနှံမျိုးစေ့များ၊ ဓာတ်မြေသြဇာများနှင့် ပိုးသက်ဆေးဘူးများ ထောက်ပံ့ပေးအပ်ခဲ့ကြ သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါရုံးဝန်းအတွင်း စိုက်ပျိုးထားရှိသော Home Graden စိုက်ခင်းပျိုးထောင်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ် ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ရှိ ရပ်ကွက် နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်စေရေး၊ ရပ်ကွက်အတွင်းရှိ လမ်း များ သန့်ရှင်းသပ်ရပ်စေရေး၊ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်း၊ ခြင်များ ပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ အောင်မြေလမ်းဘေးဝဲ/ယာအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် လူမူ ရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၄ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၆၀၀ ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)