ငဖဲ မတ် ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာများ အရောက် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က မင်းလွင် ကျေးရွာအုပ်စု ဝင်္ဂဘာကျေးရွာဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်က ပြည်သူ့စစ်မှုထမ်း ဥပဒေ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့် အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်စိုး၊ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးကိုကိုဟိန်း၊ မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးပွားမောင်နှင့် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ယုယုသိန်းတို့က ပြည်သူ့စစ်မှုထမ်း ဥပဒေ ရည်ရွယ်ချက်နှင့် ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရခြင်း အကြောင်းရင်းများ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းမှ ကင်းလွတ်ခွင့် ပြုထားသူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဥပဒေပုဒ်မ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ပတ်သက်သည့် သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ပြည်သူများက ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြား ပေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ