မော်လိုက်မြို့၌ တောင်သူလယ်သမားနေ့အား ဂုဏ်ပြုသောအားဖြင့် ဟင်းသီး၊ ဟင်းရွက် သစ်သီးဝလံ ပန်းမန်ပြပွဲ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မော်လိုက် မတ်လ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ တောင်သူလယ်သမားနေ့အား ဂုဏ်ပြုကြိုဆိုသော အားဖြင့် ဟင်းသီး၊ ဟင်းရွက်၊ သစ်သီးဝလံပန်းမန်ပြပွဲ ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၈)နာရီအချိန်က လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ နှင့်တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်လှိုင်က ပြိုင်ပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ တောင်သူများ အရည်အသွေးကောင်းတဲ့ ဟင်းသီး၊ ဟင်းရွက်၊ သစ်သီးဝလံများ ပိုမိုထုတ်လုပ် ဖြန့်ဖြူးနိုင်စေရန်၊ သီးနှံအရည်အသွေးများကို နားလည်စေရန်နှင့် စိုက်ပျိုးထားသည့် သီးနှံများ ပိုမိုဖြစ် ထွန်းစေရေး၊ ငုံ့ရှိုးနေတဲ့အရည်အသွေးတွေကို ပိုမိုသိရှိပြီး ကျန်မာရေးနဲ့ညီညွတ်တဲ့ အသီးအနှံများ စိုက်ပျိုးထုတ်လုပ်နိုင်စေရန် စသည့် ရည်ရွယ်ချက်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး  ၎င်းပြိုင်ပွဲတွင် ငှက်ပျော၊ မြေပဲ၊ ဖရဲသီး၊ ဘူးသီး၊ ပြောင်းဖူး၊ နေကြာ၊ ခရမ်း ချဉ်သီး၊ မျောက်ငိုသီး၊ ခရမ်းသီးနှင့် အုန်းသီး စသည့် ဟင်းသီး၊ ဟင်းရွက်၊ သစ်သီးဝလံပန်းမန် (၄၃)မျိုးတို့ကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး (၃၇)မျိုးတို့ကို အကောင်းဆုံး ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူလယ်သမားများကို  တာဝန်ရှိသူများက ပထမ၊ ဒုတိယနှင့် တတိယဆုများကို အသီးသီး ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ဟင်းသီး၊ ဟင်းရွက်၊ သစ်သီးဝလံပန်းမန်များကို တက်ရောက်လာသူများက လှည့်လည်ကြည့်ရှု အားပေး ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)