ကန့်ဘလူ မတ် ၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ကုန်စျေးနှုန်း တည်ငြိမ်ရေးနှင့် ပြည်သူများ၊ ဝန်ထမ်းများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး အတွက် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကန့်ဘလူခရိုင် စုပေါင်းရုံး၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆီကုန်သည်ကြီးများ အသင်းတို့ ပူးပေါင်း၍ အခြေခံစားသောက်ကုန်များဖြစ်သည့် စားအုန်းဆီ၊ ဆန်၊ ကြက်ဥများအား ရောင်းချပေးရာတွင် တစ်ဦးလျှင် စားအုန်းဆီ ၁ ပိဿာ ကျပ် ၆၀၀၀ နှုန်းဖြင့် ပိဿာ ၁၅၄၀ ကိုလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆန်တစ်ပြည်နှင့် ကြက်ဥ ၄ လုံးကို ကျပ် ၃၆၀၀ နှုန်းဖြင့် လူဦးရေ ၃၀၀ အတွက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)