မွန်ရိုးရာရက်ကန်းအထည်များကို ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Reagion One Product) တွင် တိုးမြှင့်ထည့်သွင်းဆောင်ရွက်လာ

မုဒုံ မတ် ၃

မွန်ပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတတ်သော ပြည်နယ်တစ်ခုဖြစ်ရာ မွန်လူမျိုးတို့၏  အထွက်အမြတ်ထား ဝတ်ဆင်ကြသည့် ရိုးရာဝတ်စုံကို ရာသီမရွေး လူမျိုးမရွေး ဝတ်ဆင်နိုင်သဖြင့် ယခုအခါ နိုင်ငံအတွင်း ပြည်သူများ ဝယ်ယူဝတ်ဆင် လူကြိုက်များလာကာ ပြည်တွင်းတွင်သာမက ပြည်ပနိုင်ငံများအထိ တင်ပို့ရောင်းချလျက်ရှိသည်။

မွန်ရိုးရာ ရက်ကန်အထည်များကို ရက်လုပ်သည့်အခါတွင် ရက်ကန်းစင်ကြီးဖြင့် ရက်လုပ်ရပြီး အကွက်များ ဖော်၍ ခက်ရကြောင်း၊ ချည်သုံးထုပ် စင်ပေါ်တင်၍ ခက်မည်ဆိုပါက အထည် (၄၀) ခန့်ရရှိကြောင်း၊ မွန်ရိုးရာ လက်ရက်ကန်းကို ဘေးဆွဲပုံ၊ နှပ်ထိုးပုံများက အများအားဖြင့် ရက်ကန်းရက်လုပ်ရာတွင် တူညီပါကြောင်းနှင့် ရက်လုပ်ရာတွင် တစ်နေ့လျှင် လုံချည်သုံးကွင်း၊ ထဘီ ရက်လုပ်ပါက နှစ်ကွင်းရရှိကြောင်း မုဒုံမြို့နယ် နိုင်လှုံကျေးရွာမှ မွန်ရိုးရာရက်ကန်း လုပ်ကိုင်သူ ဒေါ်ချိုချိုမြင့်က ပြောသည်။

မွန်ရိုးရာအထည်များ ရက်လုပ်ပြီးထွက်ရှိလာသည့် အထည်များကို မြို့နယ်အတွင်းရှိ မွန်းရိုးရာ အထည်အရောင်းဆိုင်များသို့ ဆိုင်တင်ရောင်းချရကာ ဆိုင်များမှတစ်ဆင့် ပြည်တွင်း ဝယ်ယူသူများအပြင် ထိုင်း၊ စင်္ကပူ၊ မလေး၊ ကိုရီးယား၊ ဂျပန်နိုင်ငံများ၌ နေထိုင်သည့် မွန်တိုင်းရင်းသားများမှ အများဆုံး မှာယူကြ၍ ပြည်ပနိုင်ငံများအထိ  တင်ပို့ရောင်းချပေးလျက် ရှိသောကြောင့် မွန်ရိုးရာအထည်များ ရောင်းအားကောင်းလာကြောင်း လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

မွန်ရိုးရာ လက်ရက်ကန်းအထည်များ လုပ်ကိုင်ကြသည့် စီးပွားရေးလုပ်ငန်းရှင်များ စျေးကွက် ပိုမိုရရှိလာစေရန်၊ ရက်ကန်းရက်လုပ်ရောင်းချသူများ အဆင်ပြေစေရန်နှင့် အသေးစား၊ အငယ်စား၊ အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Reagion One Product)တွင် တိုးမြှင့်ထည့်သွင်း ဆောင်ရွက်ထားကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)