မိုင်းခုတ် မတ် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး၊ တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး ဟောပြောပွဲကို မတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်း၍ လိုက်ခါးကျေးရွာ အစည်းအဝေးခန်းမဆောင်တွင် အသိပညာပေး ဟောပြောခဲ့ ကြောင်း သိရသည်။
အဆိုပါ မီးခိုးမြူငွေ့လျော့ချရေး အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအားလွန်နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူတို့က သဘာဝအလျောက် တောမီး လောင်ကျွမ်းခြင်း၊ တို့မီး၊ ရှို့မီးနှင့် အခြားပေါ့ဆမီးများကြောင့် ဖြစ်ပေါ်လာသည့် ဒေသတွင်း မီးခိုးမြူငွေ့ ကျရောက်နိုင်သည့် အခြေအနေများ၊ မီးခိုးမြူငွေ့များကြောင့် မျက်စိနာခြင်း၊ အရေပြားယားယံခြင်း၊ ချောင်းဆိုးခြင်း၊ နှာမွှန်ခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြင်း၊ ရာသီ ဥတုပြောင်းမှုကို ဖြစ်စေခြင်းနှင့် မဆင်မခြင်တောမီးရှို့ခြင်းအတွက် ရရှိလာမည့် ပြစ်မှုပြစ်ဒဏ်များ၊ တောမီးရှို့၍ အမဲလိုက်ခြင်းများ မပြုလုပ်ကြရန် စသည်ဖြင့် အသိပညာပေး ဟောပြောခဲ့ ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက သိရှိလိုသည့်များ ပြန်လည်မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူတို့က ပြန်လည်ဆွေးနွေးဖြေကြား ကာ မီးခိုးမြူငွေ့လျော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)