စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မုံရွာ မတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အမှတ် စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်း‌ဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်း သား/သင်တန်းသူများ တက်ရောက်ကြသည်။  

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ခေတ်မီဖွံ့ဖြိုးတိုးတက်လာမှုနှင့် အညီ စက်ရုံ၊ အလုပ်ရုံများ ဖွံ့ဖြိုးတိုးတက်လာပြီး စက်ရုံ၊ အလုပ်ရုံများမှ အခိုးအငွေ့များ ထုတ်လွှင့်မှု၊ လူများ အသုံးပြုနေသည့် စက်တပ်ယာဉ်များမှ အခိုးအငွေ့ထုတ်လွှင့်မှုများကြောင့် လေထုအတွင်းရှိ သည့် ဖန်လုံအိမ်ဓာတ်ငွေ့များသည် ပုံမှန်ရှိသင့်သည့် ပမာဏထက် ပိုမိုများပြားလာရပါကြောင်း၊ လေထုအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့များ များပြားလာခြင်းမှတစ်ဆင့် ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုများအား ဖြစ်ပေါ်စေပါကြောင်း၊ ယနေ့ခေတ်တွင် နိုင်ငံများ၏စီးပွားရေးများ ဖွံ့ဖြိုး လာမှုနှင့် အညီ လူနေမှုအဆင့်အတန်းမြင့်မားလာခြင်း၊ လူဦးရေတိုးပွားလာမှုများကြောင့် ဇိမ်ခံ ပစ္စည်းအသုံးပြုမှုများပြားလာခြင်း၊ သယံဇာတအရင်းအမြစ် ထုတ်ယူသုံးစွဲမှုမြင့်မားလာခြင်းနှင့် အသုံးပြုပြီး ပစ္စည်းများအား စနစ်တကျစွန့်ပစ်မှုမရှိခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ပြဿနာများနှင့် ရင်ဆိုင်နေကြရပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့် စီမံကိန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သည့်နေရာများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများအား ထည့်သွင်းစဉ်းစားရန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ မျိုးတုန်းပျောက်ကွယ် မှုများမှ ကာကွယ်ရန် ဇီဝမျိုးစုံမျိုးကွဲများ၏ ပေါက်ဖွားရှင်သန်ရာ နေရာဒေသများအား မထိခိုက် စေသည့် နည်းလမ်းများအား အသုံးပြုပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၊ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ဆင်းပွဲနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိကြသူများ အားလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က စာတမ်းပြုစုခြင်း ထူးချွန်ဆုရရှိကြသည့် အဖွဲ့များအား လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းလိုက်လံ နှုတ်ဆက်ခဲ့ကြပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)