ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ နွေစပါးနှင့် အခြားနွေသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရေး လယ်ယာမြေထွန်ယက်ပြုပြင်ခြင်းများ ကြိုးပမ်းဆောင်ရွက်နေ

ပွင့်ဖြူ မတ် ၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်နွေသီးနှံ စိုက်ပျိုးရာသီအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဖေဖော်ဝါရီ(၁၆)ရက်နေ့က စတင်ပြီး မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများ ဖြန့်ဝေပေးနေပြီဖြစ်ရာ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက နွေသီးနှံ လျာထားချက် ဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် မိမိတို့၏ လယ်ယာမြေများကို မြေဆီမြေဩဇာ ထည့်သွင်းခြင်းနှင့် ထယ်ရေးညက်အောင် ထွန်ယက်ပြုပြင်ခြင်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

"ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ နွေစပါး၊ နွေနှမ်းနဲ့ အခြားနွေသီးနှံစိုက်ဧက ၆၀၀၀၀ ကျော် လျာထားစိုက်ပျိုး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒေသခံတောင်သူတွေ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစပြီး မြောင်းမုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ စပါးစိုက်လယ်မြေတွေ အတွက် စိုက်ပျိုးရေဖြန့်ဝေပေးထားပြီဖြစ်ပါတယ်။ နွေစပါးစိုက်ပျိုးဖို့အတွက် စိုက်ပျိုးရေ ဖြန့်ဝေပေးနေ ပြီဖြစ်လို့ ဒေသခံတောင်သူတွေက နွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ဖို့နဲ့ သတ်မှတ်လျာထားချက်ဧက ပြည့်မီ အောင် စိုက်ပျိုးနိုင်ဖို့အတွက် မိမိတို့ရဲ့ လယ်ယာမြေတွေကို လယ်ယာလုပ်ငန်းသုံး ကျွဲနွားတိရစ္ဆာန် တွေအပြင် လယ်ယာသုံးစက်ကိရိယာတွေနဲ့ ထယ်ရေညက်အောင် ထွန်ယက်ပြုပြင်ခြင်း၊ ပေါင်းမြက်နဲ့ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ မြေဆီလွှာကောင်းမွန်စေရန် မြေဆီမြေဩဇာထည့်သွင်းခြင်းလုပ်ငန်း များကို ကြိုးပမ်းလုပ်ကိုင်နေကြပါတယ်။ နောက်ပြီး စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတွေကလဲ တောင်သူ တွေ နွေစပါးစိုက်ပျိုးရာမှာ တစ်ဧကပန်းတိုင်အထွက်နှုန်းများ ရရှိစေဖို့ စိုက်ပျိုးရေးနည်းပညာများနဲ့ စိုက်ပျိုးရေးသွင်းအားစုပစ္စည်း စနစ်တကျ သုံးစွဲနည်းတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးနေပါတယ်။ ဒါ့အပြင် အထွက်နှုန်းကောင်းသော ဆာဖိုးသာစပါးမျိုးစေ့များကိုလည်း ထောက်ပံ့ပေးထားပါတယ်။ နှစ်စဉ် နွေစပါးသီးနှံရာသီမှာ တောင်သူတွေက ဆာဖိုးသာ၊ ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ပခန်းရွှေဝါ၊ သီးထပ်ရင်၊ ချမ်းမြေ့မေ၊ ပေါ်ဆန်းရင်စတဲ့ စပါးမျိုးတွေကို အဓိကစိုက်ပျိုးကြပါတယ်။ ဆီထွက်သီးနှံ နှမ်းကိုတော့ စမုံနက်၊ သိပ္ပံနှမ်းနက်နဲ့ နှမ်းဖြူမျိုးကို စိုက်ပျိုးကြပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ မဲဇလီရေလွှဲဆည်ရေဖြင့် တစ်မြို့နယ်လုံး နွေစပါးသီးနှံ ၃၁၂၈၇ ဧက၊ နွေနှမ်း ၃၇၃၄၈ ဧက၊ စုစုပေါင်း နွေသီးနှံစိုက်ဧက ၆၈၆၃၅ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ နွေသီးနှံစိုက်ပျိုးမှု လျာထားချက်စာရင်းအရ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)