သဲကုန်း မတ် ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း မီးဘေးလုံခြုံစေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရည်ရွယ် ချက်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့ သရုပ်ပြပွဲကို ယနေ့နံနက် (၈)နာရီအချိန်က ရပ်ကွက် ၃၊ ထန်းရင်းရပ်ကွက်၊ ကျောင်းကြီးကျောင်းတိုက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းထိုက်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရည်ရွယ်ချက်များ၊ မီးဘေးအန္တရာယ် ကြုံတွေ့လျှင် ငြှိမ်းသတ်ပြုလုပ်ပုံများ၊ မိမိတို့ရုံးတွင်အသုံးပြုနေသော ဝါယာကြိုးများနှင့် လျှပ်စစ်ပစ္စည်းကိရိယာများအား စစ်ဆေးပြုပြင်ထားကြရန်၊ မိမိတို့နေအိမ်တွင် မီးဘေးကြိုတင်ကာကွယ်နိုင်ရန် မီးချိတ်မီးကပ်၊ သဲအိတ်၊ ရေအိတ်များ စနစ်တကျစီစဥ်ထားရှိရန်၊ အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းထိုက် ဦးဆောင်မှုနှင့် တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြခြင်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံများအား လက်တွေ့ရှင်းလင်း သရုပ်ပြပေးခဲ့သည်။
အဆိုပါမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့ သရုပ်ပြပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့်အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဟံအေး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကိုကျော် (ပြန်/ဆက်)