မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမှတ်(၁၃)၊ အခြေခံပညာ အထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မော်လမြိုင် မတ် ၂

မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ အမှတ်(၁၃)၊ အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်၍ ကြည့်ရှုအားပေးခဲ့သည်။

ထို့သို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ကျောင်းဝန်းအတွင်းရှိမြက်၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ သစ်ကိုင်း၊ သစ်ပင်များ ခုတ်ထွင်ဖယ်ရှား ရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်း အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်းခြင်း၊ အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အလားတူ မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး၊ မြို့နယ်အသီးသီးရှိ ဘုရားစေတီပုထိုးများ၊ ဌာနဆိုင်ရာရုံး အဆောက်အဦများ၊ မြို့၊ ရွာ၊ စာသင်ကျောင်း၊ ဆေးရုံးများ သန့်ရှင်းသာယာလှပစေရေးနှင့် ပြည်သူများကျန်းမာရေးဆိုင်ရာ အထောက်အကူ ဖြစ်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို အပတ်စဉ် (စနေနေ့တိုင်း) ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)