ကသာ မတ် ၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကသာခရိုင်ပညာရေးမှူး ဦးကျော်ဌေးဝင်းက ကသာခရိုင်အတွင်းရှိ ကသာမြို့နယ်၊ အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်များ၌ စာစစ်ဌာနများ ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ ကျောင်းတွင်းဖြေဆိုသူ၊ ပြင်ပဖြေဆိုသူ ကျောင်းသားဦးရေ၊ ကြီးကြပ်ရေးမှူးများနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများ၏ အတွင်းစည်းလုံခြုံရေး ဆောင်ရွက်ထားမှုအခြေအနေ၊ စာမေးပွဲမေးခွန်းနှင့် အဖြေလွှာများ သယ်ယူပို့ဆောင်ရေးအတွက် ဆောင်ရွက်ထားမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းထားမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများကလည်း ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဆွေးနွေးတင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အကြံပြုဆွေးနွေးပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်က ဖြည့်စွက်ပြောကြားခဲ့ကြောင်းနှင့် အစည်းအဝေးကို နံနက် (၁၁) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကျော်စွာထွန်း(ကသာ)