ကသာမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားပြုလုပ်

ကသာ မတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ်အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည့်သူများ၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရနိုင်သူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ရရှိနိုင်မည့်အခွင့်အရေးများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစောမြင့်က စစ်မှုထမ်းဆောင်ခြင်းကို ရှောင်လွဲပါက ကျခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးဖြိုးဝေအောင်က ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ဆဲဖြစ်သဖြင့် မလိုလားအပ်သည့် မီဒီယာအချို့၏ လူမှုကွန်ရက်စာမျက်နှာ၊ Facebook, Telegram များမှ မဟုတ်မမှန်သတင်းမှားများကို မယုံကြည်ကြရန် စသည်တို့ကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်သူစစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။ အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ရဲလင်းထွန်း(ကသာ)