မင်းဘူး(စကု)မြို့နယ်၌ နွေသီးနှံ စပါးနှင့်နှမ်း ဧက ၂၀၀၀၀ ကျော် စိုက်ပျိုးသွားမည်

မင်းဘူး မတ် ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ နွေသီးနှံ စပါးနှင့် နှမ်းဧက ၂၁၄၂၂ ဧက စိုက်ပျိုးသွားမှာ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နွေစပါးစိုက်ပျိုးရာတွင် ဆဖိုးသာ၊ ဆင်းသုခ၊ ရတနာတိုး၊ ပခန်းရွှေဝါ၊ ထိုင်းနှံကောက်၊ ရက် ၉၀ စပါးမျိုးများဖြင့် ၁၀၅၀ ဧက စိုက်ပျိုးသွားမှာဖြစ်ပြီး၊ နွေနှမ်းစိုက်ပျိုးရာတွင် နှမ်းဖြူနှင့် နှမ်းနက်နှစ်မျိုးကို ၂၀၃၇၂ ဧက စိုက်ပျိုးမှာဖြစ်၍ စုစုပေါင်း ၂၁၄၂၂ ဧကကို အိုင်းမဆည်၊ မဲဇလီရေလွဲဆည်များနှင့် ကျောက်စံ၊ ကန်းနီစသော မြစ်ရေတင်စီမံကိန်းများမှ ရေများပေးဝေဖြန့်ဖြူးသွားမှာဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဧကပြည့်မီရေးနှင့် စပါးသီးနှံ တစ်ဧက တင်း ၁၂၀၊ နှမ်းတစ်ဧက တင်း ၂၀ ကျော်ထွက်ရှိကာ သီးနှံများအထွက်တိုးစေရန် တောင်သူနည်းပညာပေးသင်တန်းများပေးခြင်း၊ စက်မှုလယ်ယာ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနစသော ဆက်စပ်သည့်ဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည့်အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ နွေစပါးတစ်ဧကလျှင် ကျပ် ၂၀၀,၀၀၀ နှုန်းဖြင့် ဧက ၁၅၀၊ နွေနှမ်းတစ်ဧကလျှင် ကျပ် ၁၅၀,၀၀၀ နှုန်းဖြင့်ဧက ၁၆၀၀ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း မင်းဘူးမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းက ပြောသည်။

ဇေယျာထက်(မင်းဘူး)