သာပေါင်း မတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ မတ်လ ၁ ရက်နေ့၊နံနက် ၁၀ နာရီအချိန်က စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း(Woman Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ပေါက်ပေါက်ရေးသားသည့်”စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာ”စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာအုပ်၏ အမှာစာများကိုဦးစွာရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ (Woman Club)အဖွဲ့ဥက္ကဋ္ဌ ဒေါ်ငြိမ်းငြိမ်းစိုးက စာရေးဆရာ ပေါက်ပေါက်ရေးသားသည့်” စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာ”စာအုပ်ပါ”ကျန်းမာအရွယ်တင် အသက်ရှည်ဆေး”ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
“သက်ရှည်ကျန်းမာ နေနိုင်ရန်နေ့စဉ်လူနေမှု ဘဝပုံစံကို ပြောင်းလဲခြင်းထက်“ကျန်းမာ ဆေး အရွယ်တင် ဆေး အသက်ရှည်ဆေး””ကို မိမိဖာသာ ဖော်စပ်နိုင်ပါမှ လောကီလောကုတ္တရာနှစ်ဖြာ အကျိုးများစေမှာ ဖြစ်ပါကြောင်း၊ ကျန်းမာဖို့အတွက် မိမိဖာသာ ဖော်စပ်ရမည့် ဆေးကတော့“လောဘကင်းတဲ့စိတ်””၊ “ဒေါသကင်းတဲ့စိတ်”၊ “မောဟကင်းတဲ့စိတ်” ဖြစ်ပါကြောင်း၊အိမ်မွေးတိရစ္ဆာန်လေးများကို အချိန်ပေး၍ ချစ်ခင်ယုယရန်လိုပါကြောင်း၊ အရက်၊ ဆေးလိပ်၊ ကွမ်းနှင့် မူးယစ်ဆေးဝါးများကို ဝေးဝေးက ရှောင်ရန်လိုပါကြောင်း၊ တစ်နေ့လျှင် အနည်းဆုံး ၇ နာရီမျှကြာအောင် အိပ်စက်အနားယူ ပေးရမှာဖြစ်ပါကြောင်း၊အနာဂတ် ဘဝကောင်းမွန်တိုးတက်လာအောင် ကျင့်ကြံကြိုးကုတ် အားထုတ်ရန်လိုပါကြောင်း၊ မည်သည့်အရာမဆို ဒေါသနှင့် မတုံ့ပြန်မိအောင်ရှောင်ရှားဖို့လိုပါကြောင်း၊ “ကျန်းမာပျော်ရွှင်မှုအတွက် မိမိရဲ့အတွေးခေါ်၊ ပြောဆို၊ နေထိုင်မှု အားလုံးဟာ (အ)ကုသိုလ်ကင်းရန်လိုပါကြောင်း၊ စာများများဖတ်ရန်လိုပါကြောင်း၊ စာဖတ်မှ မိသားစု၊ ပတ်ဝန်းကျင်၊လူမျိုး၊ တိုင်းပြည် စသည်ဖြင့် တိုးတက်မည်ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာသော ဘဝတစ်ခုကို ပိုင်ဆိုင်၍ ကျန်းမာ အရွယ်တင် အသက်ရှည်ကြမည် ဖြစ်ပါကြောင်း”စသည်ဖြင့် ရေးသားထားမှုများအား မိမိတို့အတွေ့အကြုံများနှင့်ယှဥ်၍ ဦးဆောင်ဖတ်ကြား ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင် ဒေါ်ကေခိုင်သင်းနှင့် ဒေါ်ခင်လပြည့်တို့က အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းသည် စာဖတ်ဝါသနာရှင်ပြည်သူများစာဖတ်သည့်အလေ့အကျင့် အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့်တစ်ပါးသူအား မျှဝေပေးနိုင်ရန်နှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း