မကွေး မတ် ၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့ လိုက်ပါကာ ယမန်နေ့နံနက် ၉ နာရီက မကွေးမြို့ ဖန်ခါးမြေ ဘိုးဘွားရိပ်သာ ဓမ္မာရုံ၌ အဘိုး၊ အဘွားများအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အဖွဲ့ဝင်ဝန်ကြီးများသည် မကွေးမြို့ ဖန်ခါးမြေ ဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများဘ၀ သာယာဖို့၊ စားဝတ်နေထိုင်ရေး အဆင်ပြေစေဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးဆောင်ရွက်ပေးထားသော သန့်စင်ခန်းများနှင့် ဟောင်းနွမ်းအဆောက်အဦများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ ဖန်ခါးမြေ ဘိုးဘွားရိပ်သာဓမ္မာရုံတွင် ကျန်းမာရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဘိုးဘွားအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား လိုက်လံကြည့်ရှု၍ အားပေးစကားများ ပြောကြားကာ၊ ဖန်ခါးမြေ ဘိုးဘွားရိပ်သာ တာဝန်ရှိသူများ၊ အဘိုးအဘွားနှင့် တွေ့ဆုံပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးတဲ့အတွက် အထူးပင် ဝမ်းသာပီတိ ဖြစ်ရပါကြောင်း၊ သက်ကြီးသူများရဲ့ ဘဝဆည်းဆာချိန်ကို ကောင်းမွန်စွာ ဖြတ်သန်းကုန်ဆုံးနိုင် စေရေးအတွက် သက်ကြီး သူတို့ရဲ့အခွင့်အရေးများကို ငယ်ရွယ်သူများက စဉ်ဆက်မပြတ် ဝိုင်းဝန်းဖြည့်ဆည်းပေးရန်လည်း အထူးလိုအပ်ကြောင်း၊ မြန်မာတို့၏ ရှိရင်းစွဲ သက်ကြီးရွယ်အိုများအပေါ် ထားရှိသည့် ရိုးရာယဉ်ကျေးမှု အစဉ်အလာများ မပျောက်ပျက်အောင် ထိန်းသိမ်းရန် လိုအပ်သလို ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေမည့် ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှုများကို ပိုမိုမြှင့်တင် ဆောင်ရွက်ပေးကာ၊ တာဝန်ရှိသူများအနေဖြင့် လူမှုပတ်ဝန်းကျင်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားပြီး၊ သက်ကြီးရွယ်အို အဘိုးအဘွားများ ဘဝသာယာချမ်းမြေ့စွာဖြင့် စားဝတ်နေထိုင်မှု အဆင်ပြေစေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ