ကျောက်ပန်းတောင်း မတ်လ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် ဆိုလာရေတင်စနစ်ဖြင့် မြေအောက်ရေ ရယူအသုံးပြုစိုက်ပျိုးနိုင်စေရန်အတွက် သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာတွင် ဆောင်ရွက်ခဲ့ရာ ဆိုလာရေတင်စနစ်ဖြင့် ရေထုတ်ယူအသုံးပြုနေမှု အခြေအနေများကို မတ်လ(၁)ရက်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့်ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
မြို့နယ်အတွင်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းဧရိယာများအတွင်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့စိုက်ပျိုးနိုင်စေရန် ရည်ရွယ်ဆောင်ရွက်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်းသိရပြီး၊ ၄.၅လက်မ ပီဗွီစီပိုက် ၁၀၀ ပေ စက်ရေတွင်း တူးဖော်ခြင်း၊ 550 W ဆိုလာ(၆)ချပ်တပ်ဆင်ခြင်းနှင့် 2Hp မော်တာတပ်ဆင်ခြင်းလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သန်း (၁၅ ဒသမ ၄၁၈) သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ရေထွက်အားမှာ တစ်နာရီ ဂါလံ ၃၀၀၀ ထွက်ရှိကြောင်းသိရသည်။ အဆိုပါ ဆိုလာရေတင်စနစ်ဖြင့် မြေအောက်ရေထုတ်ယူအသုံးပြု၍ သရက်တောကျေးရွာရှိ အိမ်ခြေ ၂၁၀ မှ လူဦးရေ ၈၇၂ ဦးတို့အနက် တောင်သူ(၂၀)ဦးတို့၏ စိုက်ပျိုးမြေ ဧက(၃၀)ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်းနှင့် ဆီထွက်သီးနှံဖြစ်သည့် နှမ်း၊ နေကြာတို့ကို အဓီကစိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် ကုလားပဲစပါးတို့အပြင် ပန်းမုံလာ၊ ကြက်သွန်နီ၊ ခရမ်းချဉ်အစရှိသည့် မီးဖိုချောင်သုံးသီးနှံများကိုပါ ရာသီမရွေး စိုက်ပျိုးသွားနိုင်ကြမည် ဖြစ်ကြောင်းသိရပြီး၊ ယခုလက်ရှိတွင် ပန်းဂေါ်ဖီနှင့် မုန်လာများ စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)