ပြည်ထဲရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ချပြရှင်းလင်းပွဲနှင့် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ

မုံရွာ မတ် ၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ချင်းတွင်း ခန်းမတွင် ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအား ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများ ချပြရှင်းလင်းပွဲအခမ်းအနားနှင့် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ)အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာများအား ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးမှ ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်၊ နိုင်ငံတကာမှ ကျင့်သုံး ဆောင်ရွက်နေသည့် စစ်မှုမထမ်း မနေရစနစ်များ၊ ပြည်သူ့စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်း အခြား၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည့်သူ့စစ်မှုထမ်း ဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရသူများ၊ ပြည်သူ့ စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းနိုင်သည့် ပုဂ္ဂိုလ်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီးနောက် တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းမှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ ပြည်သူ့စစ်မှုထမ်း ဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းရန် အကျုံးဝင်သော အသက်အပိုင်းအခြား၊ ပြည်သူ့ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရသူများနှင့်ပတ်သက်၍ ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ကာ တက်ရောက်လာကြသူများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆက်လက်ပြီး ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးမှ ဝန်ထမ်းများနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ သက်သာချောင်ချိရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား မှာကြားဆောင်ရွက်ခဲ့ပြီး ဌာနခွဲ၊ ဌာနစုအလိုက်ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ အရာထမ်း၊ အမှုထမ်း (၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)